ဖားပြုတ်ကို ကြော်စားရာမှ လုံခြုံရေးဝန်ထမ်း အမျိုးသားတဦး အဆိပ်သင့်သေဆုံး

ဓာတ်ပုံ - ထိုင်းရတ်
ထိုင်းနိုင်ငံမှ အမျိုးသားတဦးဟာ သူ့ရဲ့အိမ်ရှေ့က ဖမ်းမိတဲ့ ဖားပြုတ်ကို ကြော်စားခဲ့ပြီးနောက် အဆိပ်သင့်ပြီး သေဆုံးခဲ့ရတယ်လို့ ထိုင်းရတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ သြဂုတ် ၂ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး အသက် ၅၇ နှစ်အရွယ် ရာဆမီး ဆီရိအတ်ဟာ လုံခြုံရေးဝန်ထမ်း အမျိုးသားတဦးဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ အိမ်ရှေ့ကဖမ်းမိတဲ့ ဖားပြုတ်တကောင်ကို ကြော်ပြီးစားဖို့ လုပ်ခဲ့ချိန်မှာ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေက မစားဖို့ တားမြစ်ခဲ့ကြပေမယ့် လက်မခံခဲ့ဘဲ ကြော်စားခဲ့တာပါ။ အဲဒီဖားပြုတ်ကြော်ကို စားပြီး မကြာခင်မှာပဲ ခေါင်းမူးဝေ အော့အန်ခဲ့ကာ နာရီအနည်းငယ်အတွင်း သေဆုံးသွားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ဆရာဝန်တွေကတော့ ဒါဟာ ဖားပြုတ်ကနေ အဆိပ်သင့်တာဖြစ်တယ်လို့ ပြောပြီး ရဲတွေက နေအိမ်မှာ သေဆုံးခဲ့ကြောင်း အတည်ပြု ပြောဆိုလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up