တပ်မတော်သားများပါလာသည့်ရထား မိုင်းခွဲခံရ
DVB
·
August 2, 2017
တပ်မတော်သားတွေ တင်ဆောင်ပြီး မြစ်ကြီးနားက မန္တလေးကို ထွက်လာတဲ့ ရထားတစီး သြဂုတ် ၁ ရက် ညက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပင်ဝဲရွာနဲ့ စီးမော်ရွာကြားမှာ ရှေ့ထွက်မိုင်းလို့ ယူဆရတဲ့ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခံရတာလို့ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဖောက်ခွဲခံရလို့ စက်ခေါင်းရှေ့မီးကြီးနဲ့ လေကာမှန်တွေ ကွဲအက်ပြီး စက်ခေါင်းမောင်း ညာဘက်လက်မောင်း မှန်ကွဲစထိပြီး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီရထားမှာ တပ်မတော်သား အများအပြားလိုက်ပါလာပြီး ဒုတိယဗိုလ်မှူးကြီး လှမျိုးဟန်ဦးစီးတဲ့ အစုန်ရထားဖြစ်ပါတယ်။
အခုလို ပေါက်ကွဲခဲ့တာကြောင့် အမှတ် ၅၇၊ အမှတ် ၃၇ မန္တလေး-မြစ်ကြီးနား အဆန်ရထား၊ အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား၊ အမှတ် ၅၈၊ အမှတ် ၅၀ မန္တလေး-မြစ်ကြီးနား အစုန် ရထားတွေကို ခဏရပ်နားထားခဲ့ပါတယ်။
မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က “မိုးညှင်းဘက်က မိုင်းရှင်းရထားလည်း လာတယ်။ ကသာတပ်ရင်းက တာဝန်ရှိသူတွေက လမ်းကြောင်းတလျှောက်မိုင်းရှင်းပြီး ဒီနေ့ နေ့လယ်မှာပဲ ပြန်သွားတယ်။ အခုတော့ ရထားတွေ အားလုံး ပုံမှန် သွားနေကြပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အခုလို မိုင်းခွဲခံရတာနဲ့ ပတ်သက်ပြီး တပ်မတော်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
ကိုကိုလင်း(အင်းတော်)