Home
မြန်မာသတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးကို ရာထူးမှ နုတ်ထွက်ခွင့်ပြုဟု သမ္မတရုံး ထုတ်ပြန်
DVB
·
August 2, 2017
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းကို သူ့ရဲ့ သဘောဆန္ဒအလျောက် ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ) နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုးပြီး ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ လစ်လပ်သွားတဲ့နေရာကို ဆောက်လုပ်ရေးဝန်ကြီးက ပူးတွဲ တာဝန်ထမ်းဆောင်မယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။ အသက် ၆၁ နှစ်အရွယ် ဦးဖေဇင်ထွန်းဟာ ဝန်ကြီးတာဝန်ကို ၂၀၁၅ အစိုးရသစ်တက်ပြီးချိန်မှာ ထမ်းဆောင်ခဲ့တာပါ။ သူဟာ အရင်ကတော့ အမြဲတန်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူဟာ မြစ်ကြီးနားမြို့နယ် ဟိုပင်မြို့ ဇာတိဖြစ်ပြီး အင်ဂျင်နီယာဘွဲ့ ရရှိထားသူဖြစ်ပါတယ်။ ဇူလိုင် ပထမပတ်ကတည်းက သူအပါအဝင် ဝန်ကြီးတချို့ အနားပေးလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဇူလိုင်လဆန်းကတည်းက ကျန်းမာရေးကြောင့် ဆေးခွင့်ယူထားကြောင်း ဇူလိုင် ၁၃ ရက်နေ့က ပြုလုပ်တဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲအပြီးမှာ မီဒီယာတွေကို အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ဖြေကြားထားတာ ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024