Home
ဆောင်းပါး
ရာသီတုပ်ကွေး အဖျားရောဂါကို သဘာဝနည်းဖြင့် ကာကွယ်ပါ
DVB
·
August 2, 2017
ယခုအခါ မမျှော်လင့်ဘဲ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ (Severe Acute Respiratory Illiness) ဖြစ်ပွားလာပြီး ထိုသူတို့၏ အချို့တွင် Seasonal Influenza A(H1N1) pdm 09 ရောဂါပိုး တွေ့ရှိလာရပါသည်။  H1N1 ဟု ခေါ်လိုက်သည်နှင့် အများပြည်သူတို့ အထူးဂရုပြုလာကြသည်ကို တွေ့ရပါသည်။ ယင်းသည် ရာသီတုပ်ကွေး အဖျားရောဂါနှင့် ဆက်စပ်နေပါသည်။ ထို H1N1 pdm 09 ဆိုသည်မှာ ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် တုပ်ကွေးရောဂါတမျိုးဖြစ်သည်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ထိုနှစ် ဧပြီလက ဖြစ်ပွားခဲ့ပြီး ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။ ကမ္ဘာပတ်တုပ်ကွေး Pandemic Influenza အဖြစ် သတ်မှတ်ခဲ့သည်။ Swine Flu Virus, Avian Flu Virus, Human Flu Virus စသည့် ဝက်တုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ လူတုပ်ကွေးဗိုင်းရပ်စ်တို့မှ ဗီဇများပေါင်းပြီး ဖြစ်လာသည်။ ဗိုင်းရပ်စ်ပိုးအသစ် pdm 2009 ဖြစ်သည်။ ၂၀၀၉ ခုနှစ် ဇွန်လအထိ လူပေါင်း ၉၄၅၁၂ ဦး ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၂၉ ဦး၊ နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှာ ဖြစ်ပွားခဲ့ပါသည်။ ယင်းသည် လူအချင်းချင်းမှာ ကူးစက်ခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် ကူးစက်ပျံ့နှံ့မှု မတွေ့ရသည့်အတွက် ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကပ်ရောဂါအဖြစ် မသတ်မှတ်တော့ဘဲ ရာသီတုပ်ကွေး Seasonal Influenza အဖြစ်သာ သတ်မှတ်ခဲ့ကြောင်း သိရပါသည်။ (Journal of Preventive Medicine and Hygiene JPMH - 2016 March) သို့သော် ဖြစ်ပွားမှုအနည်းငယ် နေရာကွက်ပြီး ဖြစ်နေနိုင်သည်ဟုလည်း သိရပါသည်။ ထိုစဉ်က ဖြစ်ပွားခဲ့သော နိုင်ငံများတွင် မြန်မာနိုင်ငံ မပါဝင်ခဲ့ပါ။ ယခုအခါမှ ထိုဗိုင်းရပ်စ်ပိုးကို တွေ့ရှိရခြင်းဖြစ်သည်။ ယခုဖြစ်ပွားရာတွင် အဓိကမှာ ကြိုတင်ကာကွယ်ခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။ ကာကွယ်ဆေးအနေဖြင့် H2N2/H1N1/B.Brisbaine Wildtype ကဲ့သို့သော ကာကွယ်ဆေးကို ထိုးနှံထားနိုင်သည်ဟု သိရသည်။ တုပ်ကွေးကာကွယ်ဆေး အများစုမှာ တနှစ်သာခံပြီး နောက်နှစ်များတွင် ဖြစ်ပွားလာနိုင်သည့် ဗိုင်းရပ်စ်ပိုးအမျိုးပေါ် မူတည်ပြီး ထိုးနှံရပါသည်။ ကာကွယ်နိုင်စွမ်းမှာ ၅၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။ ဆေးဝန်ထမ်းများ၊ ဖြစ်ပွားနေသောလူနာနှင့် အတူနေကြသူများ အဓိက ထိုးထားသင့်ပါသည်။ အများစုအနေနှင့် ကာကွယ်ဆေးထိုးထားဖို့ မဖြစ်နိုင်သော်လည်း အကောင်းဆုံးနှင့် အထိရောက်ဆုံးမှာ ကြိုတင်ကာကွယ်ခြင်းများပင် ဖြစ်ပါသည်။ ယင်းတွင်  အများပြည်သူတို့ လိုက်နာဆောင်ရွက်နိုင်မည့် သဘာဝကာကွယ်နည်းအချို့ကို တင်ပြလိုပါသည်။ ၁။ အိပ်ရေးဝဝအိပ်ပါ။ အိပ်ရေးပျက်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဖိစီးခြင်း စသည်တို့သည် ကော်တီဆော (Cortisol) ဟော်မုန်းကို အချိန်ကြာကြာ ထွက်နေစေသဖြင့် လူ့ကိုယ်ခံအားစနစ်ကို ဖိနှိမ်ထားခြင်း ခံရစေပါသည်။ နေ့စဉ် ၇ နာရီခန့်အိပ်ရန် လိုအပ်ပါသည်။ ရာသီတုပ်ကွေး ဖြစ်တတ်ချိန်တွင် နေ့လယ် မိနစ် ၂၀ ခန့် အချိန်ပေး အိပ်စက်အနားယူနိုင်ပါက ပိုကောင်းပါသည်။ စိတ်ဖိစီးခြင်းကြောင့် ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ကြောင်း လေ့လာမှုများအရ တွေ့ရှိရပြီးဖြစ်ပါသည်။ ၂။ ဆေးလိပ်မသောက်ပါနှင့်။ ဆေးလိပ်သောက်ခြင်းကြောင့် အသက်ရှူလမ်းကြောင်း ရောင်ရမ်းမှု၊ ဘက်တီးရီးယားပိုးများ အလွယ်တကူ ဝင်ရောက်စေနိုင်မှုများ ဖြစ်စေနိုင်ပါသည်။ ၃။ အရက်မသောက်ပါနှင့်။ အရက်ကြောင့် ကိုယ်ခံအားစနစ်ကို ထိခိုက်စေသလို အဆုတ်ကိုလည်း ထိခိုက်လွယ်စေပါသည်။ ၄။ သစ်သီး၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ စားပေးပါ။ ယင်းတို့သည် ကိုယ်ခံအားစနစ် ကြံ့ခိုင်စေရေးအတွက် အထူးလိုအပ်သော ကုန်ကြမ်းများဖြစ်ပါသည်။ Bone broth ခေါ် အရိုးစွပ်ပြုတ်များသည် ကိုယ်ခံအားစနစ်ကို အကျိုးပြုနိုင်ကြောင်း သိရပါသည်။ အသားဓာတ်သည် ခုခံကာကွယ်ရေး စနစ်အတွက် အထူးလိုအပ်ပါသည်။ Antibody ခေါ် ပဋိပစ္စည်းများ တည်ဆောက်ရာတွင် အမိုင်နိုအက်ဆစ်ခေါ် ပရိုတင်းအသားဓာတ်၊ စစ်စတင်းန် (Cysteine) ခေါ် အသားဓာတ်တို့က အဓိကနေရာတွင် ပါဝင်ပါသည်။ ၅။ Probiotics ခေါ် ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် ဘက်တီးရီးယားများကို ထိန်းသိမ်းပြန့်ပွားစေသည့် ဆေးများသည် အထူးအကျိုးပြုနိုင်သည်ကို တွေ့ရပါသည်။ ယင်းသည် အစာလမ်းကြောင်းနှင့် အသက်ရှူလမ်းကြောင်းတွင် ကူးစက်ရောဂါပိုးများ ဝင်ရောက်ခြင်းကို ကောင်းစွာ တားဆီးနိုင်ပါသည်။ ဒိန်ချဉ်ကို စားသုံးပေးခြင်းကလည်း အကျိုးပြု ဘက်တီးရီးယားများကို တိုးပွားစေနိုင်ပါသည်။ လူ့ကိုယ်ခံအားစနစ်သည် အူလမ်းကြောင်းတွင် ၇၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရပါသည်။ ၆။ နေပူစာလှုံပါ။ နေရောင်သည် အရေပြားမှတဆင့် ဗီတာမင်ဒီကို ထွက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထိတွေ့လိုက်ခြင်းဖြင့် လိုအပ်သော ဗီတာမင်ဒီကို ထုတ်လုပ်ပေးနိုင်ကြောင်း သိရပါသည်။ ဗီတာမင်ဒီပမာဏ နည်းပါးခြင်းသည် ကိုယ်ခံအားစနစ် အားနည်းစေနိုင်သည်ကို တွေ့ရပါသည်။ ၂၀၁၀ ခုနှစ် လေ့လာမှုတခုအရ ဗီတာမင်ဒီ 1200 IU ပါဝင်သောဆေးပြား နေ့စဉ်သုံးစွဲပါက တုပ်ကွေးအဖျားကို ကာကွယ်နိုင်ကြောင်း သိရပါသည်။ ၇။ နံနက်ပိုင်းတွင် သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှုကို မိနစ် ၃၀ မျှ လုပ်ပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေနိုင်သလို ညအခါ ကောင်းစွာ အိပ်ပျော်စေနိုင်ပါသည်။ ၈။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း(ဂျင်း) တို့ကို စားသုံးပေးပါ။ ကြက်သွန်ဖြူတွင် အော်လင်း (Allin) နှင့် အော်လီနေ့စ် (Allinase) ခေါ် ဒြပ်ပေါင်းနှင့် အင်ဇိုင်းတို့ ပါဝင်ပါသည်။ ကိုယ်ခံအားစနစ်ရှိ တီဆဲလ် (T Cell) တို့ကို ထိုဓာတ်တို့က အားပေးပါသည်။ ကြက်သွန်နီတွင် ကန့်ဓာတ် (Sulphar)၊ အော်လီနေ့စ်၊ ဖလေဗင်နွိုက်စ်၊ ဖီနောလစ်ဒြပ်ပေါင်းများ စသည့် antioxidants ခေါ် ခန္ဓာကိုယ်ကို ထိခိုက်စေသည့် ဓာတ်ညစ်များကို ဖယ်ရှားပေးသည့်ဓာတ်များ၊ မှိုပိုးများကို သတ်နိုင်သည့် ကွီနိုလင်း (Quinolines) များ စသည်တို့ ပါဝင်ပါသည်။ အသက်ရှူလမ်းကြောင်း၊ အူလမ်းကြောင်းတို့ရှိ ရောဂါပိုးများနှင့် တုပ်ကွေးဗိုင်းရပ်စ်တို့ကို ခံနိုင်ရည်ရှိကြောင်း သိရပါသည်။ ချင်း(ဂျင်း) တွင် အဓိကအားဖြင့် ဂျင်ဂျီရောလ် (Gingerol) ဓာတ် ပါဝင်ပါသည်။ အအေးမိနှာစေးမှအစ တုပ်ကွေးရောဂါ အပါအဝင် အသက်ရှူလမ်းကြောင်းရောဂါ ဝင်ရောက်မှုများကို ခံနိုင်ရည်ရှိစေသည်ဟု သိရပါသည်။ ရေနွေးကြမ်း (လက်ဖက်ခြောက်) ကို သင့်တင့်စွာ သောက်သုံးပေးသင့်ပါသည်။ အချိုရည်များ၊ ရေခဲရေများ မသောက်သင့်ပါ။ ၉။ Processed food ခေါ် ကြာရှည်ခံစေရန် စီမံထားသော အစားအစာများကို ရှောင်သင့်ပါသည်။ သန့်ရှင်းလတ်ဆတ်သော အစားအစာများကိုသာ စားသုံးသင့်ပါသည်။ ၁၀။ ဗီတာမင်စီနှင့် ဇင့်ဓာတ်တို့သည် ခုခံကာကွယ်ရေးစနစ်ကို ကောင်းစွာ အကျိုးပြုနိုင်ပါသည်။ ၂၅ မီလီဂရမ်ရှိ ဇင့်ဆေးပြားကို သုံးဆောင်နိုင်ပါသည်။ အစေ့အဆန်များ၊ ပဲများ၊ နို့၊ ဥများ၊ ပင်လယ်စာ၊ စိမ်းစိုသောအသီးအရွက်များတွင် ဇင့်ဓာတ် ကြွယ်ဝပါသည်။ အရည်ရွှမ်းသော သစ်သီးများကို စားပေးခြင်းဖြင့် သဘာဝ ဗီတာမင်စီ များစွာရစေနိုင်ပါသည်။ ၁၁။ လက်မှန်မှန်ဆေးပါ။ Hand sansitizers ခေါ် လက်ဆေးရည်အများစုတွင် triclosan ခေါ် ဓာတုပစ္စည်း ပါဝင်လေ့ရှိရာ ယင်းသည် တိရစ္ဆာန်များတွင် ဟော်မုန်းများကို ထိခိုက်စေနိုင်ကြောင်း တွေ့ရသည်ဟု သိရပါသည်။ လက်ဆေးပါက ဆပ်ပြာနှင့် ရေကိုသာ သုံးခြင်းက ပိုထိရောက်ပြီး အန္တရာယ်ကင်းစေကြောင်း သိရပါသည်။ လာဗင်ဒါအဆီကို  သုံးနိုင်သည်ဟုလည်း သိရပါသည်။ လက်ဆေးကြွေဇလုံများ၊ တံခါးလက်ကိုင်များ၊ အိမ်သာများကို ကောင်းစွာ သန့်ရှင်းနေစေသင့်ပါသည်။ ၁၂။ နေအိမ်တံခါးများ ဖွင့်ထားပါ၊ လေဝင်လေထွက် ကောင်းပါစေ။ နေအိမ်ထဲတွင် တတ်နိုင်သမျှ သန့်ရှင်းခြောက်သွေ့နေအောင် ဆောင်ရွက်ပါ။ ၁၃။ အသက်ကြီးသူများ၊ အသက် ၆၅ နှစ်အထက် လူကြီးများ၏ ကိုယ်ခံအားစနစ်ရှိ တီဆဲလ်များ လျော့ကျသွားတတ်ပါသည်။ ထိုဆဲလ်တို့သည် ကူးစက်ရောဂါပိုးများကို တိုက်ခိုက်သည့် အဓိက ခုခံဆဲလ်များ ဖြစ်ကြပါသည်။ ကလေးငယ်များ၊ နာတာရှည်ရောဂါရှင်များ၊ ခုခံအားကျနေသူများကို အထူးဂရုပြု စောင့်ရှောက်ပါ။ လူစုလူဝေးများရာ၊ လေဝင်လေထွက် မကောင်းသောနေရာများတွင် အချိန်ကြာကြာနေခြင်း ရှောင်ပါ။ Mask ခေါ် နှာခေါင်းစည်းများ တပ်ဆင်သွားလာပါ။ အထူးသဖြင့် မိမိတွင် အအေးမိနှာစေးပြီ ဆိုကတည်းက Mask ကို မဖြစ်မနေတပ်ဆင်ပါ။ Mask ကို စနစ်တကျတပ်ဆင်ရန် လိုပါသည်။ သာမန်သုံး Surgical Mask ထက် N95 ခေါ် Mask ကို လူကြိုက်များကြပါသည်။ ၅ မိုက်ခရွန်ခန့်အထိ သေးငယ်သည့် အမှုန်များကို စစ်ထားနိုင်သဖြင့် ဗိုင်းရပ်စ်ကို ဟန့်တားနိုင်သည်ဟု ယူဆကြပါသည်။ သို့သော် ယင်းသည် အသက်ရှူကြပ်စေသဖြင့် သတိပြု သုံးသင့်ပါသည်။ လိုအပ်မှသာသုံးလျှင် ကောင်းပါသည်။ မည်သည့် Mask ကို သုံးသည်ဖြစ်စေ သတိပြုရန်များ ရှိပါသည်။ ကြာရှည်သုံးပါက အာငွေ့ဖြင့် စိုစွတ်လာပြီး ရောဂါပိုးများ ကပ်လာနိုင်ပါသည်။ ထိုအခါ ချက်ချင်းစွန့်ပစ်သင့်ပါသည်။ အကောင်းဆုံးမှာ မှန်မှန်လက်ဆေးခြင်းသာဖြစ်သည်။ နှာစေးချောင်းဆိုးလျှင် အဝတ်တခုခုဖြင့် ကာကွယ်ထားခြင်းကို သတိမလစ်စေဘဲ ဆောင်ရွက်သင့်ပါသည်။ အခြားသူများထံ မကူးစက်စေရန်ဖြစ်သည်။ အအေးမိ နှာစေးရာမှ အဖျားဝင်၊ ကိုယ်လက်ကိုက်ခဲလာပြီ ဆိုသည်နှင့် ဆရာဝန်များ၊ အနီးဆုံး ကျန်းမာရေးဌာနများသို့ ပြသကာ လိုအပ်သလို ဆောင်ရွက်သင့်ပါသည်။ အရေးကြီးသည်မှာ လူတိုင်း တကိုယ်ရေသန့်ရှင်းရေးကို အလေးထား ဆောင်ရွက်သင့်ခြင်း ဖြစ်ပါသည်။ ယခုဖြစ်ပေါ်နေသော ရာသီတုပ်ကွေး အဖျားရောဂါကို အထူးစိုးရိမ်စွာဖြင့် ကာကွယ်နေစရာ မလိုသလို ပေါ့ဆစွာဖြင့်လည်း မနေသင့်ပါ။ မျှတသောအသိတို့ဖြင့် လက်တွေ့ ကာကွယ်ဆောင်ရွက်နိုင်ကြပါသည်။ ယခုဖော်ပြခဲ့သော သဘာဝနည်းများဖြင့် ကာကွယ်စောင့်ရှောက်ခြင်းတို့သည် အတိုင်းအတာတခုအထိ ကာကွယ်နိုင်ကြလိမ့်မည်ဟု ယူဆမိပါသည်။        ။ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) Reference—Natural Immune Boosters _Tiffany Ayuda.
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024