Live
Home
မြန်မာသတင်း
A(H1N1) ရောဂါကြောင့် သေဆုံးသူ ၁၂ ဦးရှိပြီ၊ ရောဂါထိန်းချုပ်ရေး လမ်းညွှန်ထုတ်ပြန်
DVB
·
August 1, 2017
  ဇူလိုင် ၃၁  ရက်နေ့၊ မွန်းလွဲ ၂  နာရီအထိ A(H1N1) ရာသီတုပ်ကွေးရောဂါကြောင့် လူနာ ၂ ဦး ထပ်မံသေဆုံးခဲ့ကာ သေဆုံးသူ ၁၂ ဦးထိရှိပြီဖြစ်တာကြောင့် ရောဂါထိန်းချုပ်ရေး လမ်းညွှန်ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မနေ့ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူတွေဟာ ရန်ကင်းကလေးဆေးရုံမှာ ၂၈ ရက်နေ့က  တက်ရောက်နေတဲ့  လူနာ ၁ ဦးနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေ အထူးကုဆေးရုံကြီး (ဝေဘာဂီ)  ကို လွှဲပြောင်းကုသမှုပေးခဲ့တဲ့ လူနာတွေဖြစ်ကြပါတယ်။ ၃၀ ရက် မွန်းလွဲ ၂ နာရီကနေ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ သံသယလူနာ ၂၁ ဦးကို ထပ်မံဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ Seasonal Influenza A(H1N1) pdm09 အတည်ပြုလူနာ ၁၁ ဦး တွေ့ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဇူလိုင် ၂၁ ရက်ကနေ ၃၁ ရက်နေ့၊ ညနေ ၂ နာရီအထိ တနိုင်ငံလုံးအတိုင်းအတာမှာ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါနဲ့ ဆးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ ၂၁၃ ဦးရှိခဲ့ပြီး သူတို့ထဲက (H1N1) pdm09 positive လူနာ စုစုပေါင်း ၆၂ ဦး၊ သေဆုံးသူ ၁၂ ဦးရှိ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လတ်တလောပြင်းထန် အသက်ရှူလမ်း ကြောင်းပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ရောက်သူတွေ ထဲ သေဆုံးမှုနှုန်း  (၅.၆) ရာခိုင်နှုန်းဖြစ်ပါတယ်။ A (H1N1) ရောဂါပိုး ကူးစပ်ခံနေရသူဦးရေ မြင့်တက်လာပြီး ရောဂါဖြစ်ပွားမှု ၁၅ ရက်ကျော်လာချိန်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ရာသီတုပ်ကွေးရောဂါ A (H1 N1) ဖြစ်ပွားမှု ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီလမ်းညွှန်ချက်ကို ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးနှုန်းကို လျော့ချနိုင်ဖို့၊ ရောဂါအခြေအနေကို အချိန်နဲ့တပြေးညီ စောင့်ကြပ်ကြည့်ရှုပြီး၊ ကူးစပ်ပြန့်ပွားမှုတွေကို အချိန်မီကာကွယ်ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တယ်လို့ဖော်ပြထားပါတယ်။ ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုကြားမှာ အသိပညာ ဖြန့်ဝေနိုင်ရေးတို့ကို ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီလမ်းညွှန်ချက်ထဲမှာပဲ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်မှာရှိတဲ့ သဘာဝဘေးနဲ့ ကူးစပ်ရောဂါ ထိန်းချုပ်ရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် ဦးဆောင်တဲ့ ရာသီတုတ်ကွေး A (H1N1) Pdm 09) ထိန်းချုပ်ရေးကော်မတီကို ဖွဲ့စည်းထားကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။ အဲဒီအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးက ဦးဆောင်တဲ့အဖွဲအား ဗဟိုအကြံပေးအဖြစ် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲမှာဘဲ A(H1N1) ရာသီတုပ်ကွေး သံသယရှိတဲ့ လူနာတွေတွေ့ရှိရင် လိုက်နာရမယ့် လမ်းညွှန်ချက်တွေအပြင် ရောဂါပိုးနဲ့ သေဆုံးသူတွေရဲ့ အလောင်းကို ကိုင်တွယ်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဝတ်ဆင်ရမယ့်အဝတ်အစား၊ အကာကွယ်တွေကိုပါ ဖော်ပြထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024