ဝမ်းတွင်း၌ အမှိုက်မီးရှို့ရာမှ အမြောက်ဆန်ပေါက်ကွဲ၊ အမြောက်ဆန် ၈ ခု ထပ်မံတွေ့ရှိ
DVB
·
August 1, 2017
ဝမ်းတွင်းမြို့နယ်တွင် အမှိုက်မီးရှို့ရာကနေ အမြောက်ဆန်တခုပေါက်ကွဲပြီး အမြောက်ဆန် ၈ ခု ထပ်မံတွေ့ရှိခဲ့တယ်လို့ ၀မ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် စွန်ချောင်းရွာ ဇူလိုင်လ ၃၁ ရက်ညနေ ၆ နာရီမှာ မြေပဲစိုက်ဖို့ ထွန်ယက်ပြီးထွက်လာတဲ့ အမှိုက်ကိုစုပုံ မီးရှို့ရာမှ အမြောက်ဆန်တခု ပေါက်ကွဲပြီး နောက်ထပ်အမြောက်ဆန် ၈ ခုကို ယာခင်းထဲက တွေ့ရှိခဲ့တာပါ။
ဒုရဲအုပ် ဇေယျာမိုးမြင့်က "စွန်ချောင်းရွာ ဦးမြင့်လှ ယာခင်းထဲက တွေ့တယ်။ လုံးပတ် ၁၀ လက်မ အရှည်တပေ အလေးချိန် ၃ ပိသာရှိတဲ့ အမြောက်ဆန် ၈ ခု တွေ့တယ်"လို့ ပြောပါတယ်။
အုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်ဆင့်က "အရင်ကတော့ နွားနဲ့ ထွန်တယ်။ အခုတော့ ထွန်စက်နဲ့ ထွန်တယ်။ ထွန်သွားပိုနစ်ပြီး ပေါ်လာတာဖြစ်မယ်။ ထွန်ပြီးထွက်လာတဲ့ အမှိုက်တွေ စုပုံမီးရှို့ တယ်။ အမြောက်ဆန်တခုပေါ် မီးရှို့မိတော့ ပေါက်ကွဲတယ်။ တစ်ပေခွဲလောက်ချိုင့် ဖြစ်သွား တယ်။ အဲအသံကြောင့် ရွာကလူတွေ ထွက်လာတယ်။ ဘာပါလိမ့်ဆိုပြီး ရှာတယ်။ နောက်ထပ် အမြောက်ဆံ ၈ ခု တွေ့ကြတယ် ကံကောင်းလို့ ဘယ်သူမှ မထိခိုက်ကြဖူး"လို့ ပြောပါတယ်။
တွေ့ရှိတဲ့ အမြောက်ဆန်များကို မိတ္ထီလာတပ်နယ်မှ စစ်ဆေးဖို့ ဆက်သွယ်အကြောင်းကြားထား တယ် လို့ သိရပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)