ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မိန်းကလေးငယ်တဦး မုဒိမ်းကျင့်ခံရမှုနဲ့ ပတ်သက်ပြီး လက်ရှိအာဏာရ Awami League ပါတီနဲ့ ဆက်နွယ်တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် တဦးဖြစ်သူ တူဖန်ဆာကာ အပါအဝင် လူလေးဦးကို ဖမ်းဆီးထားပါတယ်။
အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်နဲ့ သူမရဲ့ မိခင်တို့ကို အဓမ္မပြုကျင့်သူ တူဖန်ဆာကာရဲ့ ဇနီးဖြစ်သူက တရွတ်ဆွဲရိုက်နှက် အတင်းအဓမ္မ ခေါင်းတုံးရိတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ကျူးလွန်သူ တူဖန်ဆာကာရဲ့ ဇနီးသည်ကို ရဲတွေက ရှာဖွေနေတယ်လို့ သိရပါတယ်။
အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့ကြသူတွေထဲက တဦးဖြစ်တဲ့ ဆာကာ အသက် ၂၅ နှစ်ကို ဇူလိုင် ၂၈ ရက်နေ့က အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်မှုနဲ့ တရားစွဲဆိုထားတယ်လို့ ဒေသခံ ရဲပြောရေးဆိုခွင့်ရှိသူ ဆိုနာတန်ချာကရိုဘော်တီက ပြောပါတယ်။
ဒီအဖြစ်ကို တယောက်ယောက်ကိုပြောရင် သူမနဲ့ သူမအမေကို သတ်ပစ်မယ်လို့ ဆာကာက ခြိမ်းခြောက်ခဲ့ကြောင်း ရဲပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
နောက်ရဲအရာရှိတဦးကတော့ ဆာကာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တော်တော်များများ ဘင်္ဂလားဒေ့ရှ်ကို အုပ်ချုပ်ခဲ့တဲ့ Awami League ပါတီရဲ့ အလုပ်သမားရေးကဏ္ဍ ဒေသခံခေါင်းဆောင်တဦး ဖြစ်ခဲ့တယ်လို့ အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။
အဓမ္မပြုကျင့်ခံရသူနဲ့ သူမမိခင်တို့ရဲ့ ဆေးရုံပေါ်မှာ ခေါင်းတုံးရိတ်ခံထားရတဲ့ပုံ လူမှုကွန်ရက်ပေါ်မှာ အလျင်အမြန် ပျံ့နှံ့သွားပြီး အကြီးအကျယ် ဒေါသထွက်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေကို ရဲတွေ အမြန်ဆုံးအရေးယူဖို့ တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။
ဆာကာရဲ့ဇနီးသည်က သူမယောက်ျားနဲ့ အဓမ္မပြုကျင့်ခံရသူတို့ ဆက်ဆံရေးရှိနေတယ်လို့ သံသယရှိခဲ့ကြောင်း အမည်မဖော်ပြတဲ့ အဓမ္မပြုကျင့်ခံရသူက ပြောပါတယ်။
“သူတို့ ကျမခေါင်းတခုလုံးကို ပြောင်အောင် ရိတ်ပစ်လိုက်တယ်။ ကျမ အကြိမ်ကြိမ်တောင်းပန်ပါတယ်။ ဒါပေမယ့် သူတို့ နားမထောင်ဘူး။ သူတို့ ကျမအမေကိုတောင် ရိုက်နှက်ပြီး ခေါင်းတုံး တုံးခဲ့တယ်” လို့ ပြုကျင့်ခံရသူက ဒေသခံသတင်းဌာနတခုကို ပြောပါတယ်။
အဓမ္မပြုကျင့်ခံရသူတွေကို ရိုက်နှက်ရာမှာ ကူညီဖို့ လူတွေလွှတ်ပေးပြီး ဒီရိုက်နှက်စော်ကားမှုကို အထောက်အကူပေးခဲ့တဲ့ ဆာကာရဲ့ မရီးဖြစ်သူ ဘိုဂရာမြို့က အရွေးကောက်ခံ လွှတ်တော်အမတ်ကိုလည်း လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ ရဲတွေက ပြောကြောင်း news.com.au အွန်လိုင်းသတင်းမှာ ဇူလိုင် ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။