Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် လူ ၁၈၀၀ ခန့် သွေးလွန်တုပ်ကွေးဖြစ်ပြီး ၁၈ ယောက် သေဆုံး
ပိုင်စိုး
·
July 31, 2017
ရခိုင်ပြည်နယ်က မြို့နယ်တိုင်းလိုလိုမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပြီး  လူ ၁၈ ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူ တယောက်က ဒီဗွီဘီကို ပြောပါတယ်။ ဇူလိုင် ၈ ရက်နေ့ စာရင်းအရ လူပေါင်း ၁၄၀၀ ကျော်ရှိခဲ့ရာက သီတင်း  ၃ ပတ်အတွင်း ရောဂါဖြစ်ပွားသူ  လူ ၄၀၀ လောက်တိုးလာခဲ့တာပါ။ မင်းပြား၊ ကျောက်တော်နဲ့ တောင်ကုတ်နဲ့ စစ်တွေမြို့တွေမှာ အများဆုံး ဖြစ်နေတာလို့ ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စံကျော့ခိုင်က ပြောပါတယ်။ “ပြီးခဲ့တဲ့ သောကြာနေ့ (ဇူလိုင် ၂၈) ထိ စာရင်းတွေအရ လူပေါင်း ၁၇၉၆ ယောက် ဖြစ်နေတယ်။ ၁၈ ယောက် သေဆုံးသွားတယ်။ မင်းပြားမှာ ၃၁၂ ယောက်၊ စစ်တွေမှာ ၂၈၃ ယောက်၊ တောင်ကုတ်မှာ ၂၅၉ ယောက်နဲ့ အများဆုံးပါ” လို့ သူက ပြောပါတယ်။ ဒီနှစ် ၆ လအတွင်း ဖြစ်တာဟာ မနှစ်က တစ်နှစ်လုံး ဖြစ်တာထက် ၃ ဆကျော် ပိုများနေပြီး မနှစ်က ၅၅၆ ယောက် ဖြစ်ပွားပြီး ၅ ယောက်သေဆုံးခဲ့တာပါ။ ဖြစ်ပွားသူတွေထဲမှာ အငယ်ဆုံးက အသက် ၄ လဖြစ်ပြီး အကြီးဆုံးအရွယ်က ၇၆ နှစ် ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးဟာ ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့ ခြင်တွေက တဆင့် ကူးစက်တတ်တာ ဖြစ်ပြီး ကလေးတွေမှာ ပိုပြီးအဖြစ်များတာ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ကာကွယ်နိုင်ဖို့အတွက် ခြင်ပေါက်ဖွားနိုင်တဲ့ ရေတွေကို အမြဲလဲလှယ်ဖို့၊ အများအားဖြင့် နေ့ခင်းဘက်တွေမှာ ခြင်ကိုက်မခံဖို့ ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024