Home
ဆောင်းပါး
အဝါရောင်ဖဲကြိုးတွေ တနိုင်ငံလုံးမှာ လွှင့်ချည်ရအောင်
DVB
·
July 30, 2017
  မန္တလေးအကျဉ်ေးထာင်ထဲ ၁၀ တန်း အောင်သူတွေကို အဝေးသင် ဆက်တက်ဖို့ စီစဉ်ပေးသွားမယ့် သတင်းကို ဇူလိုင်လ ၂၃ ရက်နေ့က ဒီဗွီဘီ(ရုပ်သံ)သတင်းမှာ ကြည့်လိုက်ရပါတယ်။ ၂၀၁၆-၂၀၁၇ အခြေခံပညာ အထက်တန်းစာမေးပွဲမှာ အကျဉ်းကျနေတဲ့ ဆယ်တန်း ကျောင်းသား၊ ကျောင်းသူ ၁၁ ယောက် အထက်တန်း  စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ရာမှာ ၃ ဘာသာ ဂုဏ်ထူးရှင် ၁ ယောက်၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၄ ယောက်နဲ့ ရိုးရိုးအောင်မြင်သူ ၂ ယောက်၊ စုစုပေါင်း ၇ ယောက် ဖြေဆိုအောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ အခြေခံပညာအထက်တန်း  စာမေးပွဲကို အိုးဘိုအကျဉ်းထောင်တွင်းကနေ ဖြေဆို အောင်မြင်ခဲ့တဲ့သူတွေကို ရတနာပုံတက္ကသိုလ်မှာ အဝေးသင် ဆက်တက်နိုင်အောင် စီစဉ် လုပ်ဆောင်ပေးသွားမယ်လို့ မန္တလေးအကျဉ်းဦးစီးဌာနက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ‘ကျည်ထောင်စုသစ္စာ’ သရော်စာကို သတင်းဌာနရဲ့ အွန်လိုင်း စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဇွန်လ ၃၀ ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို တပ်မတော်က သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ)နဲ့  ဗဟန်းမြို့နယ် တရားရုံးမှာ ထပ်တိုးတရားစွဲဆိုတဲ့ သတင်းကိုလည်း ဖတ်လိုက်ရပါတယ်။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် စွဲဆိုထားသည့် အမှုပေါင်း ၁၄၁ မှု ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးသန့်စင်မောင်က ပြောခဲ့ပါတယ်။ ၆၆(ဃ)ကို အသုံးပြုပြီး တရားစွဲဆိုမှုများဟာ ၁၅ လ အတွင်းမှာ လူပုဂ္ဂိုလ်တဦးချင်းအရ မကျေနပ်သဖြင့် စွဲဆိုမှု ၁၂၀ ကျော်ပြီး အဖွဲ့အစည်းနှင့် ပတ်သက်လို့ စွဲဆိုမှု ၂၆ မှုရှိကြောင်း ပြည်ထောင်စုဝန်ကြီးက 7Day Dialy သတင်းစာနှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ ဒီဗွီဘီရဲ့ အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်နဲ့ ဧရာဝတီ သတင်းထောက် ဦးသိန်းဇော်တို့ဟာလည်း တအာင်း အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နယ်မြေမှာ ဇွန် ၂၆ ရက်က ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို သွားရောက် သတင်းယူပြီး အပြန်မှာ ဖမ်းဆီးခံရပြီး မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁) အမှုဖွင့် အရေးယူခံခဲ့ရလို့ အာမခံမရဘဲ အချုပ်အနှောင်ခံနေကြရပါတယ်။ ဒီဆောင်းပါးမှာတော့ အထက်မှာ ဖော်ပြခဲ့တဲ့ အကျဉ်းကျနေသူတွေ၊ အချုပ်ကျနေသူတွေတင်မက အမှုရင်ဆိုင်နေရသူတွေကို နိုင်ငံရေးမှု၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ၊ သတင်းမီဒီယာဥပဒေ ပုဒ်မ၊  မတရားအသင်း ဆက်သွယ်မှု၊ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးမှု စတဲ့အမှု၊ စတဲ့ ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုခံခဲ့ကြရတဲ့ အမှုသွား အမှုလာတွေ၊ တရားစွဲဆိုရာမှာ အသုံးပြုခဲ့တဲ့ လက်ရှိတည်ဆဲဥပဒေတွေဟာ မှန်ကန်မှု ရှိ မရှိ၊ သုံးစွဲမှုတွေဟာ ဆီလျော်မှု ရှိ မရှိ၊ တရားမျှတတမှု ရှိ၊ မရှိ ဆိုတာကို မဆွေးနွေးသေးပါဘူး။ ဒီဆောင်းပါးမှာ ရေးချင်တာတော့ အကျဉ်းကျနေသူတွေအတွက် လူသားတန်ဖိုး အသိအမှတ်ပြုမှုနဲ့ လူ့ဂုဏ်သိက္ခာဆိုင်ရာ အခွင့်အလမ်းတွေ အကြောင်းပါပဲ။ တကယ်တော့ ဘယ်လူသားမဆို အမိဝမ်းက ကျွက်လာတုန်းက နိုင်ငံရေးလုပ်မယ်၊ တော်လှန်ရေးသမား လုပ်မယ်၊ သတင်းထောက် လုပ်မယ်၊ ဗိုလ်ကျ အနိုင်ကျင့်မယ်၊ ဆိုးမယ်၊ ပေမယ်၊ လုမယ် ယက်မယ်၊ ခိုးဆိုးမယ်၊  သတ်မယ် ဖြတ်မယ်လို့ ကြွေးကြော်ပြီး လောကထဲ ဝင်ရောက်ခဲ့ကြတာ မဟုတ်ပါဘူး။ မလွှဲမရှောင်သာ ကြုံတွေ့   ဖြတ်သန်းရတဲ့ ဆိုင်ရာဆိုင်ရာ ပတ်ဝန်းကျင်အထွေထွေဘဝတွေက  ပြဋ္ဌာန်းလိုက်တဲ့အတိုင်း  ဖြစ်တည်လာကြရတာပါ။ အထူးသဖြင့် မြန်မာနိုင်ငံလို စစ်အာဏာရှင် အမှောင်ခေတ်ထဲမှာ အခွင့်အရေး မညီမျှမှု၊ စီးပွားရေး၊ ပညာရေးက စလို့ အဘက်ဘက်မှာ နိမ့်ကျပြီး အကျင့်သီလ စာရိတ္တတွေ ယွင်းပျက်ကျန်ရစ်ခဲ့တဲ့ လူ့အဖွဲ့အစည်းတရပ်မှာ တော်ရုံတန်ရုံ အကျင့်သီလ ကောင်းသူတွေတောင် မခံနိုင်ဘဲ လျှာပေါ် မြက်ပေါက်လာတော့ သားသမီး ဇနီးမယားအတွက်၊ မိဘအတွက် မိုးခါးရေ မသောက်ချင်ဘဲ သောက်ကြရတဲ့ အခြေအနေ   ခေတ်ဆိုးခေတ်ပျက်ကြီးအောက်မှာ ရောက်ရာအခြေအနေ ဝန်းကျင် အနေအထားအရ ဖြစ်တည်လာရတဲ့ ဘဝတွေ ဖြစ်ပါတယ်။ အမိဝမ်းထဲ မရောက်ခင်က ပါလာတဲ့ သန္ဓေဆိုး ဗီဇစရိုက် ညံ့လွန်းတာမို့ ပြင်ဆင်ဖို့ အလွန်ခက်ခဲနေတဲ့သူတွေတောင် သူတို့ ကျူးလွန်တဲ့ အပြစ်အမျိုးအစားပေါ် လိုက်ပြီး လူ့အသိုင်းအဝိုင်းအတွက် အလွန်အန္တရာယ် မကြီးမားရင်တော့ သူတို့ကိုယ်သူတို့ ပြုပြင်ခွင့်အနေနဲ့ ဒုတိယမြောက် အခွင့်အရေးကို  ပေးတန် ပေးကြရပါတယ်။ ဒါဟာ သူ့ရဲ့ လူသားတန်ဖိုးကို အသိအမှတ်ပြုတဲ့ သဘောပါပဲ။ စင်ကာပူနိုင်ငံနဲ့ တခြားတိုင်းပြည်တွေမှာတော့ အကြောင်းတရားအမျိုးမျိုးနဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တဲ့ ထောင်ထွက်တွေကို လူအဖွဲ့အစည်းမှာ ပြန်လည် နေရာချထားဖို့၊ ကြိုဆိုကြဖို့၊ အလုပ်အကိုင်တွေ ရရှိဝင်ဆံ့ဖို့ စီစဉ်ဆော်သြတဲ့ ဖဲကြိုးဝါ ပရောဂျက်တွေဆိုတာ ရှိပါတယ်။ အဲဒါအပြင် နရသိန်အကျဉ်းထောင်တွေ ဆိုတာ ရာဇဝတ်သားတွေကို အကျင့်စာရိတ္တတွေ ပြုပြင်ပေးရုံတင်မကဘဲ သူတို့တတွေ ပြင်ပလူ့လောကထဲမှာ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းနဲ့ ပြန်လည်ဝင်ရောက်နိုင်ဖို့၊ အလုပ်အကိုင် ရနိုင်ဖို့ အသက်မွေးဝမ်းကျောင်း ပညာရပ်မျိုးစုံ သင်ကြားပေးကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အုပ်ချုပ်ရေးအာဏာအတွက် လူ့အသက်ကိုတောင် တန်ဖိုးမထားဘဲ လူ့ဂုဏ်သိက္ခာကို အသိအမှတ်မပြုဘဲ တိုင်းသူပြည်သားတွေအပေါ် သေနတ်အားကိုးနဲ့ အကြမ်းဖက် ဗိုလ်ကျသတ်ဖြတ်လို့ နိုင်ငံကို အာဏာရှင်စနစ် စတင်ထူထောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ခေတ်က အကျဉ်းထောင်တွေ၊ ရဲဘက်စခန်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင်၊ အကျဉ်းသားအမျိုးမျိုးအတွက် လူ့ဂုဏ်သိက္ခာကို မြေမှာချနင်း၊ ရိုက်ချိုးခဲ့ရာ လူ့ငရဲခန်းတွေဖြစ်ခဲ့တာ လူတိုင်း သိပါတယ်။ အကျဉ်းထောင်တွေဆိုတာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်မှုကျုးလွန်မိသူတွေကို ထိုက်တန်တဲ့ အပြစ်ဒဏ်ပေးရင်း သူတို့ရဲ့ စိတ်ဓာတ် အတွေးအခေါ် အသိတရားတွေ ရှိလာပြီး ပြုပြင်နိုင်အောင် ထိန်းကျောင်းပဲ့ပြင်ပေးတဲ့ ဘဝတက္ကသိုလ်တခုသာ ဖြစ်သင့်ပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောင်တွေ ဆိုတာကတော့ စစ်အာဏာရှင်ခေတ် အဆက်ဆက်မှာ လူ့ဂုဏ်သိက္ခာကို အသိအမှတ်မပြုဘဲ လူသားစိတ်ဓာတ်တွေကို ချိုးနှိမ်စော်ကားရာ အရပ်ဒေသတွေ ဖြစ်နေခဲ့တာ ဘယ်သူမှ ငြင်းဆိုကြမယ် မထင်ပါဘူး။ ပြုပြင်ပေးရမယ့်အစား ဦးချိုးနှိပ်ကွပ်တဲ့အခါ အရိုင်းစိတ်တွေက ပိုရိုင်းလာကြပြီး လူ့အသိုင်းအဝိုင်းထဲ ပြန်ဝင်ရတဲ့အခါ မဝင်ဆံ့တော့တာရယ်၊ မကြိုဆိုကြတာကြောင့် ဒုစရိုက်သံသရာမှာ တဝဲလည်လည်ဖြစ်ရင်း ဘဝဆုံးသွားကြရရှာတာ မဟုတ်လား။ ဘယ်သူမှ မွေးလာကတည်းက ဆိုးမယ်၊ မိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လောကထဲ ဝင်ရောက်လာကြတာ မဟုတ်ပါဘူး။ အကျဉ်းထောင်ထဲက ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ အလွန်ဆိုးဝါး နိမ့်ကျလွန်းပါတယ်။ လူကို လူလို အသိအမှတ်မပြုတာဟာ အလွန်ဝမ်းနည်းစရာ ကောင်းလှပါတယ်။ ထောင်ထဲမှာ မကျန်းမမာဖြစ်ရင် အလွန်အသက်အန္တရာယ် နီးပါတယ်၊ မသန့်ပြန့်မှု၊ ဆေးဝါးမလုံလောက်မှု၊ ကျန်းမာရေး အစောင့်အရှောက် နိမ့်ကျမှုတွေ၊ လူသားအချင်းချင်း စာနာစိတ်ကင်းမဲ့စွာ ဆက်ဆံကြတာတွေဟာ  မယုံနိုင်စရာပါပဲ။ ဒီနေရာမှာ ထောင်ထဲမှာ ကျွေးတဲ့ ထောင်ထမင်း၊ ထောင်ဟင်းအကြောင်းကစပြီး နည်းနည်း ရေးပြချင်ပါတယ်။ ပေတူးညစ်ပတ်နေတဲ့ ထောင်သား ၂ ယောက်က ထမ်းပိုးတလုံးနဲ့ လျှိုထမ်းလာတဲ့ စည်ပိုင်းပြတ်ထဲက ဆန်ပိုးနိုင်းချင်း စပါးခွံ ခဲ သလဲတွေ၊ ဂုန်နီကြိုးမျှင်တွေ ရောပါလာတတ်တဲ့ ထောင်ထမင်းဆိုတာ  ထောင်ရောက်ခါစ လူတွေအတွက်တော့ အလွန် မသတီစရာပါ။ ထောင်မှာ ပဲဟင်းမကျွေးတဲ့နေ့ဆို  ထောင်ထဲက ရတတ်သမျှ အသီးအရွက်တွေ ပြုတ်ထားတဲ့ ဟင်းချိုတမျိုး ပေးပါတယ်။ အဲ့ဒီဟင်းချိုကို နိုင်ငံရေး အကျဉ်းသားတွေက “ဝက်ခေါင်းခါ” ဟင်းချိုလို့ နောက်ပြောင်ခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အရောင်က မည်းညိုညစ်ညစ်နဲ့ သေသေချာချာ မကြည့်ဘဲ သောက်ရင် မြက်စမြက်ရိုးတွေ၊ ခရု ပက်ကျိတွေ ဝါးမိတတ်ပါသေးတယ်။ ထောင်ထဲက မိလ္လာကန်ရေတွေနဲ့ လောင်းပြီး စိုက်ထားတဲ့ အသီးအရွက်တွေ ခူးပြီး ရေစင်စင် မဆေးတော့ဘဲ ထည့်ချက်ကြလို့ နေမှာပါ။ အကျဉ်းသား ထောင်နဲ့ချီ ကျွေးနိုင်အောင် ချက်ရတဲ့ ဧရာမအိုးအကြီးကြီးတွေ ဆိုတော့ ကောင်းကောင်းဆေးကြောမယ် မထင်ပါဘူး၊ အော်ဂလီဆန်စရာ အနံ့တမျိုးနဲ့မို့ ဝက်ကို သွားကျွေးရင်တောင် ဝက်သတ္တဝါက ခေါင်းခါထွက်သွားလိမ့်မယ်လို့ တင်စားပြောချင်တာမို့ ဝက်ခေါင်းခါဟင်းချိုလို့ ခေါ်ကြတာပါ။ နောက်တခါ ထောင်ထဲက နာမည်ကျော် ဟင်းရံအနေနဲ့ ရွှံ့ငါးပိ ဆိုတာ ဝေပါသေးတယ်။ ဆားကြမ်းရယ်၊ ငပိအညံ့စားရယ် မန်ကျီးမှည့်နဲ့ ရောသမမွှေထားတဲ့ ရွှံ့ရောင်ရှိတဲ့ ငပိတမျိုးကို ပြောတာပါ။ တခြားဘာတွေ ထည့်ရောသေးသလဲ ဆိုတာတော့ စားဖိုဆောင်က လူတွေ သိမလားတော့ မသိပါဘူး။ ပြီးတော့ ထောင်ထဲမှာ ဝဲပေါက်၊ ပွေးထူကြတာလည်း မပြောနဲ့ ဝေတဲ့ဆပ်ပြာက ဆင်ချေးတုံးဆပ်ပြာ လက်တသစ်လေ။ အခုချိန်မှာတော့ ဘာဆပ်ပြာ ဝေသလဲဆိုတာတော့ အလှမ်းဝေးနေပြီမို့ မပြောတတ်တော့ပါဘူး။ ဒီနေရာမှာ အကျဉ်းဦးစီးဌာနအတွက် ချပေးတဲ့ အစိုးရဘတ်ဂျက်ကို လုံလောက်အောင် ချမပေးတာတာလား၊ အကျဉ်းဦးစီးဌာန အာဏာပိုင်တွေ၊ ဝန်ထမ်းတွေက ဖြတ်တောက်ဖြတ်စား လုပ်တာလား ဆိုတာထက် အဓိကပြောချင်တာကတော့ လူ့ဂုဏ်သိက္ခာနဲ့အညီ မကျွေးမွေး၊ စောင့်ရှောက်မှု မပေးတာကြောင့် ထောင်တွေထဲမှာ၊ ရဲဘက်စခန်းတွေမှာ အသက်ဆုံးပါးရတာတွေ အမြောက်အမြား ရှိပါတယ်။ တချို့ အပြစ်မကြီးလှဘဲ ထောင်ကျခဲ့ပေမယ့် ရဲဘက်စခန်းလိုက်ပြီး အသက်ဆုံးပါးရတာတွေလည်း ရှိပါတယ်။ ထောင်ဆေးရုံတို့ ရဲဘက်စခန်းတွေဆိုတာ အမင်္ဂလာအရပ်ပါပဲ။ ကျူးလွန်မိတဲ့ အမှားအတွက် ပြန်လည်ပြင်ဆင်ခွင့်မရလိုက်ဘဲ မသေသင့်မသေထိုက်ပေမယ့် ကျန်းမာရေး စောင့်ရှောက်မှု အလွန်ညံ့ဖျင်းတာမို့ လူမသိသူမသိ တဖြုတ်ဖြုတ် သေဆုံးနေရတဲ့ မြန်မာနိုင်ငံသားတွေ ရှိနေဦးမယ် ဆိုရင်တော့ အလွန်မဖြစ်သင့်တဲ့ကိစ္စ ဖြစ်ပါလိမ့်မယ်။   ဆင်းရဲနွမ်းပါးတဲ့ ထောင်သားတွေဆိုတာ မကျန်းမာဘူးဆိုရင် အသက်ရှင်သန်ရေးအတွက် ကိုယ့်ဟာကိုယ် ဆေးမြီးတိုရှာကြရတာ။ ဝမ်းကိုက်ရောဂါရရင် ထောင်ထဲမှာ ဗန်ဒါရွက်အနုတွေ လိုက်ရှာခူးပြီး ဝါးစားကြတယ်။.ပျောက်၊ မပျောက်ကတော့ မသိပါဘူး။ တချို့ကတော့ မင်းဂွတ်သီး အခွံစားရင် ပျောက်တယ် ပြောကြတယ်။ ဒီဆောင်းပါးကို နိဂုံးသတ်ရရင် မြန်မာပြည်ရဲ့ အကျဉ်းဦးစီးဆိုင်ရာ လုပ်ထုံးလုပ်နည်း လက်စွဲတွေကို လူ့ဂုဏ်သိက္ခာဆိုင်ရာ ရှုထောင့်ကနေ ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ အကျဉ်းထောင်တွေ၊ ရဲဘက်စခန်းတွေကို ရောက်လာတဲ့ နိုင်ငံသားတွေဟာ ဘဝပေးအခြေအနေကောင်း မရခဲ့လို့ ရာဇဝတ်မှု ကျုးလွန်မိသူတွေ၊ တရားမျှတမှုမရှိတဲ့ တရားစီရင်ဆုံးဖြတ်ချက်ကြောင့် ဖြစ်စေ၊ နိုင်ငံရေးမှုနဲ့ ဖြစ်စေ အကြောင်းအမျိုးမျိုးနဲ့ ရောက်လာသူတွေကို အကျဉ်းချပြီးတဲ့နောက် လူ့ဂုဏ်သိက္ခာကို စော်ကားဖို့ အကြောင်းမရှိပါဘူး။ သားဆိုး သမီးဆိုးတွေကို မိဘနဲ့ မိသားစုဝင်တွေအားလုံးက သူတို့ အပြစ် ကျူးလွန်တာကို ထိုက်တန်တဲ့ အပြစ်ပေးရာမှာတောင် လူမဆန်စွာ မဆက်ဆံမိဖို့ သတိပြုရမှာ ဖြစ်သလို အမှားအတွက် ပြန်လည်ပြင်ဆင်ခွင့် အခြေအနေတွေ ဖန်တီးပေးပြီး ကူညီကြရမှာ မဟုတ်ပါလား။ ဒါကြောင့် ခေတ်ဆိုး ခေတ်ပျက်တွေအောက်မှာ အခွင့်အလမ်း အညီအမျှ မရ၊ ပညာသင်ကြားခွင့် မရကြတာမို့ ဘဝတွေ နိမ့်ကျ နစ်မွန်းရင်း ထောင်ကျနေရသူတွေ၊ ရဲဘက်စခန်း ရောက်နေရသူတွေကို သူတို့ရထိုက်တဲ့ လူ့သိက္ခာဆိုင်ရာ အဆင့်အတန်းကို အသိမှတ်ပြုပေးအပ်ဖို့၊ ကျောင်းသူကျောင်းသား၊ ပညာသင်ကြားရမယ့် အရွယ်တွေ၊ တိုင်းပြည်ရဲ့ မျက်လုံးတွေလို့ တင်စားရတဲ့ သတင်းမီဒီယာသမားတွေကို စာနာထောက်ထားမှု အထူးအစီအစဉ်တရပ်နဲ့ ထောင်က လွှတ်ပေးဖို့နဲ့ ထောင်က လွတ်မြောက်လာသူတွေကိုလည်း လူ့အဖွဲ့အစည်းမှာ ပြန်လည်ဝင်ဆံ့ဖို့ အလုပ်အကိုင်တွေ ရနိုင်အောင် စီမံကြိုဆိုကြဖို့အတွက် မြန်မာတနိုင်ငံလုံးမှာ အဝါရောင်ဖဲကြိုးလေးတွေ လွှင့်ချည်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါရစေ။   မင်းကောင်းချစ် ဇူလိုင်လ ၂၆ ရက် ၂၀၁၇ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024