အမြန်လာပါ၊ မြွေက ကျမ နှာခေါင်းကို လှမ်းကိုက်တော့မယ် (ရုပ်သံ)

အမေရိကန်နိုင်ငံ အိုဟိုင်းရိုးပြည်နယ်မှာ အမည်မဖော်ပြထားတဲ့ အမျိုးသမီးတဦးရဲ့ မျက်နှာပေါ် သတ္တဝါတွေကို ရစ်ပတ်သတ်တတ်တဲ့ စပါးကြီးမြွေကြီး တကောင် လာကပ်နေလို့ အမျိုးသမီးက ၉၁၁ ကို အရေးပေါ်ဖုန်းလှမ်းခေါ်ပြီး လာကယ်ဖို့ အကူအညီတောင်းခဲ့ရပါတယ်။ အသံဖိုင်ထဲမှာ အမျိုးသမီးရဲ့ ၉၁၁ ကို ဖုန်းဆက်ပြီး “ကျမမျက်နှာပေါ်မှာ စပါးကြီးမြွေကြီး လာကပ်နေတယ်” လို့ စိုးရိမ်ကြောက်လန့်ပြီး ပြောနေတဲ့ အသံကို ကြားရပါတယ်။ ၉၁၁ ဖုန်းလက်ခံသူက “အမျိုးသမီးရှင် ရှင့်မှာ ဘာလာကပ်နေတာလဲ” မေးလိုက်ပြီး အမျိုးသမီးက “ဖျစ်ညှစ်သတ်တတ်တဲ့ စပါးကြီးမြွေ ကျမ အပြင်မှာ အဲ့ဒီမြွေကြီးနဲ့” လို့ ပြန်ပြောကာ ၉၁၁ တာဝန်ရှိသူက “ရှင်အပြင်မှာ ရှိနေပြီး စပါးကြီးမြွေက ရှင်မျက်နှာပေါ်မှာ ကပ်နေတယ်လို့ ပြောတာလား” လို့ အတည်ပြုမေးမြန်းပါတယ်။ အမျိုးသမီးကလည်း “ဟုတ်တယ် ကျမ အဲ့ဒီမြွေကြီးကို မနေ့က ကယ်ခဲ့တာ” လို့ ပြန်ပြောပါတယ်။ ၉၁၁ တာဝန်ရှိသူက “ရှင်က မြွေကြီးကို မနေ့က ဖမ်းခဲ့တာလား” မေးမြန်းပြီး အမျိုးသမီးက “ကျမ မြွေကို ဖမ်းတာမဟုတ်ဘူး ကျမသူ့ကို ကယ်ခဲ့တာ” လို့ အပြန်အလှန် ပြောနေကြတဲ့ အသံတွေကို အသံဖိုင်ထဲမှာ ကြားနေရပါတယ်။ အဲ့ဒီနောက် ၉၁၁ တာဝန်ရှိသူက သူ လူနာတင်ယာဉ်ကို အကြောင်းကြားမှာ ဖြစ်ကြောင်း အမျိုးသမီးကို ရှင်းပြချိန်မှာပဲ အမျိုးသမီးက စိုးရိမ်တကြီးအသံနဲ့ “အမြန်လာပါ မြွေက ကျမ နှာခေါင်းကို လှမ်းကိုက်တော့မယ်” လို့ အော်ပြောသံကို ကြားရပါတယ်။ ၉၁၁ တာဝန်ရှိသူက လူနာတင်ယာဉ် မီးသတ်ဌာနနဲ့ ရဲဌာနတွေကို အကြောင်းကြားမှာ ဖြစ်ကြောင်း “ရှင့်နှာခေါင်းကို စပါးကြီးမြွေကြီးက လှမ်းဆွဲနေပြီးလား” လို့ အမျိုးသမီးကို ရှင်းပြမေးမြန်းနေသံနဲ့ အကြံပြုနေတာကို အသံဖိုင်ထဲမှာ ကြားရပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အမျိုးသမီးကို ကယ်တင်နိုင်ဖို့ မြွေရဲ့ဦးခေါင်းကို ဖြတ်လိုက်တယ်လို့ သိရပါတယ်။ အမျိုးသမီးကို ဆေးရုံပို့လိုက်ပြီး သူမရဲ့ ဒဏ်ရာက အသက်အန္တရာယ်မရှိဘူးလို့ သိရပါတယ်။ အမျိုးသမီးက ၉၁၁ ကို အကူအညီတောင်းခဲ့တဲ့ ဒီအသံဖိုင်ကို ရဲတွေက ထုတ်လွှင့်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up