Home
မြန်မာသတင်း
မဖွယ်မရာ ပြုလုပ်ခံရပြီး ဓာတ်ဆီလောင်းမီးရှို့မှုကြောင့် ၅ တန်းကျောင်းသူလေး သေဆုံး
DVB
·
July 30, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုင်းတောကျေးရွာမှာ အမျိုးသားတယောက်က မဖွယ်မရာ ပြုလုပ်ပြီး ဓာတ်ဆီလောင်းမီးရှို့ခဲ့လို့ မော်လမြိုင် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ ၅ တန်း ကျောင်းသူလေး ဒီနေ့မနက်က သေဆုံးသွားခဲ့တယ်လို့ ရေးမြို့မ ရဲစခန်းက သတင်းထုတ်ပြန်ပါတယ်။ ဖြစ်စဉ်မှာ ဇူလိုင် ၁၆ ရက် နေ့လယ် ၂ နာရီက မ---- ကို ဖခင်ဖြစ်သူက ခြံထဲမှာ သံပုရာသီးသွားခူးခိုင်းကြောင်း၊ ဖခင်ဖြစ်သူ ကွမ်းသီးပင်တွေကို ဓာတ်မြေသြဇာ ထည့်နေလို့ မ---- ဟာ ခြံထဲက တဲမှာ တက်အိပ်နေချိန် ခြံထဲရောက်နေတဲ့ မျိုးမြင့်ဦး (ခ) မြင့်ဦး ၄၄ နှစ်က မ--- ရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်ကိုလက်နဲ့ ပွတ်သပ်ကိုင်တွယ်ပြီး မိဘတွေကို ပြန်ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ မ---- က မိဘတွေကို ပြန်ပြောမယ်လို့ ပြောခဲ့တဲ့အတွက် မြက်ရိတ်စက်ထဲဖို့ ယူလာတဲ့ ဓာတ်ဆီနဲ့ မ---- ကိုပက်ပြီး မီးရှို့ခဲ့လို့ ကျောတပြင်လုံး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဖခင်ဖြစ်သူက ပြောကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ ရေးမြို့မရဲစခန်းက ဒု စခန်းမှူးက “ကျနော်တို့ကို အကြောင်းကြားလို့ စခန်းမှူး ဦးဆောင်ပြီး ရွာကို သွားဖမ်းတော့ တရားခံက ရွာမှာ မရှိဘူး။ ဒါနဲ့ ရွာတာဝန်ခံတွေကို ပြောထားတယ်။ ရေးမှာ ရှိတဲ့ တာဝန်ကျဂိတ်တွေကိုလည်း အကြောင်းကြားထားပါတယ်” လို့ ပြောပါတယ်။ သမီးဖြစ်သူကို ကျောင်းရွာတိုက်နယ်ဆေးရုံမှာ ဇူလိုင်လ ၁၆ ရက်ကနေ ၂၅ ရက်အထိ ကုသခဲ့ပြီး ဇူလိုင် ၂၅ ရက်  ညနေ ၄ နာရီခွဲလောက်က တိုက်နယ်ဆေးရုံကနေ မော်လမြိုင် ပြည်သူ့ဆေးရုံကို အတွင်းလူနာအဖြစ်ကုသခဲ့ပြီး ဒီကနေ့ မနက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရ ပါတယ်။ ရေးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၅၄/၅၀၆ နဲ့ အမှုဖွင့်ထားရှိပြီး ပြစ်မှုကျုးလွန်သူ မျိုးမြင့်ဦး ထွက်ပြေးတိမ်းရှောင်းနေလို့ အမြန်ဖမ်းဆီး ရမိနိုင်ရေး ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဒု စခန်းမှူးက ပြောပါတယ်။ နေမျိုးထွဋ် (ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024