H1N1 သံသယရှိ ရေးမြို့နယ်မှ ကလေးငယ် ရန်ကုန်ဆေးရုံကြီးတွင် သေဆုံး
DVB
·
July 30, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြင်းထန် အဆုတ်ရောင်ရောဂါဖြစ်ပွားနေတဲ့ ကလေးငယ်တ ဦးဟာ H1N1 သံသယရှိလို့ ရေးနဲ့ မော်လမြိုင်ဆေးရုံတွေကတဆင့် ရန်ကုန်ဆေးရုံကို ပို့ဆောင်ခဲ့ကုသစဉ် ဇူလိုင် ၂၉ ရက်နေ့ မနက်ပိုင်းက သေဆုံးသွားတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ၀တ်မှုံက “အဲဒီနေ့ (ဇူလိုင် ၂၇ က) က H1N1 သံသယရှိလို့ ကလေးကို ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ်။ ဒီမနက် ဇူလိုင် ၂၉ ရက် ၄ နာရီမှာ ဆုံးသွားတယ်။ ဘာနဲ့ ဆုံးတယ်ဆိုတာတော့ ရန်ကုန်က အကြောင်းမကြားလာသေးဘူး” လို့ ဒေါက်တာ ၀တ်မှုံက ဆက်ပြောပါတယ်။
အသက် ၃ နှစ်ကျော်အရွယ် မောင်သန်းမင်းဦးဟာ ရေးမြို့နယ် အောင်မေတ္တာရပ်ကွက် ၂၊ ၁၁ လမ်းမှာ နေထိုင်သူဖြစ်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် မော်လမြိုင်ဆေးရုံကို ပို့ဆောင်ကုသခဲ့တာလို့ သိရပါတယ်။
ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က “အဲ့ဒီကလေးက ရာဘာခြံမှာ အလုပ်လုပ်တဲ့ မိသားစုက မွေးထားတဲ့ကလေးဆိုတော့ အာဟာရလည်း နည်းနည်းချို့တဲ့နေပါတယ်။ ဒါကြောင့် ဒီကနေ မော်လမြိုင်ပို့၊ မော်လမြိုင်ကနေ ရန်ကုန်ပို့တော့ ရန်ကုန်မှာဆုံးသွားတယ်။ H1N1 သံသယ ရှိတယ်လို့တော့ ပြောပါတယ်”လို့ ပြောပါတယ်။
အလားတူ ရန်ကုန်ကနေ မော်လမြိုင်ကို လာရောက်လည်ပတ်ခဲ့တဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတဦးကိုလည်း H1N1 သံသယ ရှိလို့ ဇူလိုင် ၂၇ ရက်နေ့က ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကုသထားတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၉ ရက်နေ့အထိ တရားဝင်ထုတ်ပြန်ထားချက်အရ A Type (H1N1) ရောဂါဖြစ်ပွားတဲ့ လူနာစုစုပေါင်း ၄၁ ယောက်ရှိခဲ့ပြီး ၇ ဦး သေဆုံးခဲ့တယ်လို့ ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သတင်း - အာကာမင်း