တူရကီတွင် မိုးသီးမုန်တိုင်းကြောင့် လေယာဉ်တစီး အရေးပေါ်ဆင်းသက်(ရုပ်သံ)

1.1K
တူရကီနိုင်ငံမှာ ပြင်းထန်ဆိုးရွားတဲ့ မိုးသီးမုန်တိုင်း တိုက်ခတ်အပြီး အစ္စတန်ဘူလ်မြို့က အတာတာ့ခ် လေဆိပ်မှာ လေယာဉ်တစီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
အတ္တလပ်စ် ဂလိုဘယ် လေကြောင်းလိုင်းက လေယာဉ်ရဲ့ နှုတ်သီးနဲ့ လေယာဉ်မောင်းခန်း ပြတင်းပေါက်တွေမှာ အကြီးအကျယ် ပျက်စီးခဲ့တာပါ။
မိုးသီး အကြီးကြီးတွေ ဆိုးဆိုးရွားရွားထိမှန်ခဲ့လို့ လေယာဉ်ပြတင်းတွေလည်း အပျက်အစီးတွေ များခဲ့ပါတယ်။
မိုးသီးမုန်တိုင်းက တူရကီနိုင်ငံကို ဖြတ်သန်း တိုက်ခတ်နေချိန်မှာ ဆိုက်ပရပ်စ် မြောက်ပိုင်းကနေ ပျံသန်းလာတဲ့ လေယာဉ်ဟာ ပုံမှန်လမ်းကြောင်းအတိုင်း ဦးတည် ပျံသန်းခဲ့တာပါ။
ဂေါက်သီးလုံးလောက် မိုးသီးတွေနဲ့ သည်းထန်တဲ့ မိုးက အစ္စတန်ဘူလ်မြို့ကို ဇူလိုင် ၂၇ ရက်နေ့က တိုက်ခတ်ခဲ့လို့ လမ်းတွေ ရေကြီးပြီး သစ်ပင်တွေ ပြိုလဲခဲ့ပါတယ်။
လေကြောင်း ခရီးစဉ်တွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးလည်း ရပ်ဆိုင်းခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူအနည်းဆုံး ၂ ယောက်ဒဏ်ရာရတယ်လို့ ဒေးလီးဆာဘာ သတင်းစာမှာ ဖော်ပြထားပါတယ်။