မြင်းခြံတွင် မြစ်ရေကြီး၍ ယာယီပိတ်ထားသည့် ကျောင်းအချို့ ပြန်ဖွင့်
DVB
·
July 28, 2017
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာအချို့ ဧရာဝတီမြစ်ရေ ကြီးခြင်းနဲ့ မိုးအဆက်မပြတ် ရွာသွန်းလို့ ရေဝင်တဲ့ စာသင်ကျောင်း ၅၀ လောက် ယာယီပိတ်ထားခဲ့ရပြီး ဇူလိုင်လ ၂၆ ရက်က စတင်ပြီး စာသင်ကျောင်း ၄၀ ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီလို့ မြင်းခြံမြို့နယ် ပညာရေးမှူးရုံးက ပြောပါတယ်။
ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်စိန်ဝင်းက “ဒါက သဘာဝတရား နှစ်စဉ် ဖြစ်နေတာပါ။ ရေကြီး ရေဝင်လာရင် ကျောင်းတွေ ရက်ပိုင်းလောက်လောက်တော့ အမြဲ ပိတ်ထားရတာပါပဲ။ မြစ်ရေက ပုံမှန်မဟုတ်တော့ ရေတက်လာရင် ပြန်ပိတ်ပေးထားရတာမျိုးတော့ ရှိတာပေါ့။ ကျောင်းပိတ်ထားတဲ့ ရက်တွေအစား ဆရာ၊ ဆရာမတွေက ပိတ်ရက်ထဲက ၁ ရက် ပြန်ပြီး အစားထိုး သင်ကြားပေးရတာပေါ့” လို့ ပြောပါတယ်။
ယာယီ ကျောင်းပိတ်ထားခဲ့ရတဲ့ ကျောင်းတွမှာ အလယ်တန်းအဆင့် စာသင်ကျောင်း ၄ ကျောင်းပါဝင်ပြီး မူလတန်းအဆင့် ၄၆ ကျောင်း ပါဝင်တယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ရေ ကျဆင်းလာမှုကြောင့် အလယ်တန်းအဆင့် စာသင်ကျောင်း ၃ ကျောင်းနဲ့ မူလတန်းအဆင့် စာသင်ကျောင်း ၃၇ ကျောင်းကို ဇူလိုင်လ ၂၆ ရက်နေ့ကစပြီး ပြန်လည် ဖွင့်လှစ်စေခဲ့ပြီး ကျန်ရှိတဲ့ စာသင်ကျောင်း ၁၀ ကျောင်းကိုတော့ ယာယီ ပိတ်ထားရသေးတယ်လို့ မြင်းခြံမြို့နယ် ပညာရေးမှူးရုံးက သိရပါတယ်။
သတင်း၊ဓာတ်ပုံ-ရီရီထွန်း