ကသာမြို့တွင် H1N1 ရောဂါကာကွယ်ရေး အသိပညာပေး
DVB
·
July 28, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့မှာ ဇူလိုင် ၂၈ ရက် မနက်ပိုင်းက ပြည်နယ်နဲ့ တိုင်းအချို့မှာ ဖြစ်ပွားနေတဲ့ H1N1 ရောဂါကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေတာတွေ ပြုလုပ်ခဲ့ပါတယ်။
လက်ကမ်းစာစောင် ဖြန့်ဝေတာတွေကို ကသာမြို့ လူစည်ကားရာ နေရာ ၅ နေရာမှာ ပြုလုပ်ခဲ့တယ်လို့ ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးနေဇော်အောင်က ပြောပါတယ်။
ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးနေဇော်အောင်က “ကျနော်တို့နိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ H1N1 ရောဂါကာကွယ်ရေးအတွက် ပြည်သူလူထုကို ကြိုတင်ကာကွယ်ရေး၊ နောက်ပြီး ရောဂါလက္ခဏာ ဘာတွေ ရှိတယ်။ အပြင်က ပြန်လာရင် လက် ရေဆေးဖို့ ကိုယ်ဒေသကို ရောက်မလာခင် ကြိုတင်ကာကွယ်ရေး ဘာတွေ လုပ်ရမယ်ဆိုတာ ပြည်သူလူထုကို အသိပညာပေးတဲ့သဘောပါ”လို့ ပြောပါတယ်။
အဆိုပါ H1N1 ရောဂါကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ပြီး ကျန်းမာရေး၊ စည်ပင်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့က ကသာမြို့မဈေးကြီး၊ သီရိခေမာဈေး၊ ပတ္တမြားဈေး၊ ဘူတာဈေး၊ ကြံတောဈေးတို့မှာ H1N1 ရောဂါကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင် ၁၁၀၀ ကျော် ဝေငှခဲ့တာ ဖြစ်ပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)