Home
ဆောင်းပါး
တရုတ်နိုင်ငံ၏ လူနည်းစု အမျိုးသားရေးရာပေါ်လစီနှင့် လက်တွေ့ပြဿနာ
DVB
·
July 27, 2017
  ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က စတင် တည်ထောင်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်သော နိုင်ငံတခု ဖြစ်ပါလျက် လူနည်းစု တိုင်းရင်းသားရေးရာ ပေါ်လစီ (Ethnic Minorities Policy) တွင် လီနင်ဝါဒ၏ အခြေခံမူတရပ် ဖြစ်သော အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲထွက်ခွင့်ကို မကျင့်သုံးခဲ့ပေ။ ထို့အတူ ဆိုဗီယက်ယူနီယံနှင့် ယူဂိုဆလပ်ဗီးယား စသည့် ဆိုရှယ်လစ် အရှေ့အုပ်စုဝင်နိုင်ငံတချို့ ကျင့်သုံးခဲ့သော လူမျိုးအခြေပြု ဖက်ဒရယ်စနစ်ကိုလည်း ကျင့်သုံးခြင်း မပြုခဲ့ချေ။ တရုတ်ပြည် ကျင့်သုံးခဲ့သည်မှာ အမျိုးသား စည်းလုံးညီညွတ်ရေးကို ပိုမိုအားကောင်းစေသည်ဟု ယူဆသော၊ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး (Regional autonomy) စနစ်သာ ဖြစ်သည်။ ဘုံပိုင် အမည်ရှိသည့် နိုင်ငံ တရုတ်နိုင်ငံ၏ နယ်စပ်ဒေသအများစုမှာ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ ဒေသများ ဖြစ်သောကြောင့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ နိုင်ငံ၏ လုံခြုံရေးကိစ္စများနှင့် နိုင်ငံနယ်နိမိတ် အချုပ်အခြာအာဏာ ပိုင်စိုးမှုတို့အပေါ် များစွာ သက်ရောက်မှုရှိပေသည်။ တရုတ်အစိုးရက တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုးများမှာ၊ လူများစုကြီး ဖြစ်သည့် ဟန်လူမျိုး အပါအဝင် ၅၆ မျိုး ရှိသည်။ အဆိုပါ ၅၆ မျိုးကို လူဦးရေများရာမှ နည်းရာအလိုက် တန်းစီရလျှင် အောက်ပါအတိုင်း တွေ့ရမည် ဖြစ်သည်။ - (၁) ဟန်၊ (၂) ကျွမ့်၊ (၃) မန်ချူး၊ (၄) ဟွေ၊ (၅) မြောင်၊ (၆) ဝေဝါ၊ (၇) ယီ၊ (၈) ထူကျား၊ (၉) မွန်ဂိုလ်၊ (၁၀) တိဗက်၊ (၁၁) ပုယီ၊ (၁၂) တုံ့၊ (၁၃) ယောင်၊ (၁၄) ကိုရီးယန်း၊ (၁၅) ပိုင်၊ (၁၆) ဟားနီ၊ (၁၇) လီ၊ (၁၈) ကာဇက်၊ (၁၉) တိုင်း၊ (၂၀) ရှဲ၊ (၂၁) လီစူး၊ (၂၂) ကဲလောက်၊ (၂၃) လားဟူ၊ (၂၄) တုန်းရှန်း၊ (၂၅) ဝ၊ (၂၆) ရွှေ၊ (၂၇) နရှီး၊ (မိုဆိုး အပါအဝင်)၊ (၂၈) ချန်း၊ (၂၉) ထူ၊ (၃၀) ရှီးပေါ၊ (၃၁) မုလောဝ်၊ (၃၂) ကာဂျစ် (ကာ့ကဇစ်)၊ (၃၃) တားဝေါ့၊ (၃၄) ဂျင်းဖော၊ (၃၅) ဆားလား၊ (၃၆) ပုလန်၊ (၃၇) မောက်နန်၊ (၃၈) တာဂျစ်၊ (၃၉) ဖူးမီ၊ (၄၀) အားချန်း၊ (၄၁) နု၊ (၄၂) အက်ဝင်းခ် (အီးဝင်ကီ)၊ (၄၃) ကျင်း (ဗီယက်နမ် သို့မဟုတ် ကင်း)၊ (၄၄) ကျင်းနော့၊ (၄၅) တအန်း၊ (၄၆) ဥဇဘက်၊ (၄၇) ရပ်ရှန်း၊ (၄၈) ယုဂု၊ (၄၉) ပေါက်အန်း၊ (၅၀) မိန်ပါ့၊ (၅၁) အော့လွန်ချွင်း (အောရဂင်)၊ (၅၂) တူးလုံ၊ (၅၃) တာတာ၊ (၅၄) ဟော့ကြဲ၊ (၅၅) လိုပါး၊ (၅၆) ကောင်းရှန်း တို့ ဖြစ်ကြသည်။ ဟန် ဟုခေါ်သော တရုတ်လူမျိုးမှာ တနိုင်ငံလုံး လူဦးရေ ၁ ဒသမ ၃ ဘီလီယံ၏ ၉၂ ရာခိုင်နှုန်း ရှိသည်။ ဟန်လူမျိုးများမှာ ဟူပေ၊ ကျန်းစု၊ ကွမ်တုံး စသည့် အရှေ့ဘက်ပိုင်း ဒေသများတွင် သိပ်သည်းထူထပ်စွာ နေထိုင်ကြသည်။ လူနည်းစု တိုင်းရင်းသားများမှာ တနိုင်ငံလုံး၏ ၈ ရာခိုင်နှုန်း ဖြစ်သော လူဦးရေ ၁၀၅ သန်းခန့်ရှိသည်။ လူနည်းစု တိုင်းရင်းသားအဖြစ် သတ်မှတ်ရာတွင် ရုရှား၊ ကိုရီးယား၊ မွန်ဂိုလီးယား၊ ကာဇက်၊ ကာဂျစ်၊ တာဂျစ်၊ ဥဇဘက် စသည့် အိမ်နီးချင်းနိုင်ငံတချို့မှ အဓိကလူမျိုးများကိုလည်း တရုတ်ပြည်၏ လူနည်းစုတိုင်းရင်းသားအဖြစ် သတ်မှတ်ခြင်းမှာ ထူးခြားသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးတချို့ဖြစ်သော တိုင်း(ရှမ်း)၊ မြောင်၊ လီစူး၊ လားဟူ၊ ဂျင်းဖေါ၊ တအန်း (ပလောင်)၊ ဟားနီ (အခါ)၊ ဝ လူမျိုးတို့မှာလည်း တရုတ်ပြည်၏ တရားဝင် လူနည်းစု တိုင်းရင်းသားများ ဖြစ်ကြသည်။ လူမျိုးအလိုက် ဟန်လူမျိုး၊ မွန်ဂိုလ်လူမျိုး၊ ကျွမ့်လူမျိုး စသဖြင့်  ခေါ်ဆိုကြသော်လည်း အားလုံးကို ခြုံငုံခေါ်ဆိုသည့် နိုင်ငံနှင့် လူမျိုးမှာ “ကျုံးကော့” နှင့် “ ကျုံးကော့ ရင်” ဖြစ်သည်။ အဓိပ္ပာယ်အားဖြင့် “ဗဟိုနိုင်ငံ” နှင့် “ဗဟိုနိုင်ငံသား” ဟု တိုက်ရိုက်အနက်ဖွင့်နိုင်သဖြင့် နိုင်ငံနှင့် နိုင်ငံသားအမည်မှာ အများပိုင်နာမ် ဖြစ်သည်။ အဆိုပါ ဘုံဆိုင်အမည်ကို ပေးသူမှာ တရုတ်ကွန်မြူနစ်အစိုးရ မဟုတ်ဘဲ၊  ၁၉၁၂ ခုနှစ်က တရုတ်သမ္မတနိုင်ငံကို မထူထောင်မီ နောက်ဆုံး အုပ်စိုးသွားသည့် မန်ချူးမင်းဆက် (သို့မဟုတ်-ချင်းမင်းဆက် Qing dynasty ၁၆၃၆-၁၉၁၂) အတွင်း ပေးခဲ့သောအမည် ဖြစ်သည်။ မန်ချူးတို့မှာ (ဟန်)တရုတ်လူမျိုး မဟုတ်သဖြင့် တရုတ်ပြည်မကြီးကို သိမ်းပိုက်ရရှိပြီးနောက် နိုင်ငံကို မန်ချူးဘာသာ စကားဖြင့် (Dulimbai Gurun) နှင့် တရုတ်ဘာသာစကားဖြင့် (Zhongguo) ကျုံးကော့ “ဗဟိုနိုင်ငံ” ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။ အဓိပ္ပာယ်မှာ တရုတ်ပြည်သည် ဟန်လူမျိုး တမျိုးတည်း၏ နိုင်ငံမဟုတ်ဘဲ လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာ နိုင်ငံတော် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။ တရုတ်နိုင်ငံကို စတင်တည်ထောင်သည့် ကွန်မြူနစ်ပါတီက “နိုင်ငံတော်သည် လူမျိုးပေါင်းစုံ ပါဝင်သော နိုင်ငံတခု” ဖြစ်ခြင်းနှင့် “တိုင်းရင်းသားအချင်းချင်းအကြား သွေးစည်းညီညွတ်ရေးကို တည်ဆောက်မည်” ဆိုသည့် အချက်နှစ်ချက်ကို ၎င်း၏ တိုင်းရင်းသားရေးရာ ပေါ်လစီတွင် အဓိကဦးစားပေး ချမှတ်ခဲ့သည်။ သို့ဖြစ်၍ ပါတီ၏ လူနည်းစုတိုင်းရင်းသားရေးရာ ပေါ်လစီဆောင်ပုဒ်မှာ၊ “တန်းတူရေး၊ သွေးစည်းရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး” ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အခြေခံဥပဒေတွင် ဤသို့ ဆိုထားသည်။ “တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ အားလုံးသည် တန်းတူညီမျှ အခွင့်အရေး ရှိကြသည်။ နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးအားလုံး၏ ဥပဒေအရ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ပြီး၊ တိုင်းရင်းသားလူမျိုးများအကြား တန်းတူဆက်ဆံရေး၊ စည်းလုံးညီညွတ်ရေးနှင့် အပြန်အလှန် ရိုင်းပင်းကူညီရေးမူတို့ကို ဆုပ်ကိုင်ကာ ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သည်။ တိုင်းရင်းသားလူမျိုး တရပ်ရပ်ကို ခွဲခြားဆက်ဆံခြင်းနှင့် ဖိနှိပ်ခြင်းကို တားမြစ်သည်။” တိုင်းရင်းသားလူမျိုး ဖြစ်မှုအတွက် စံထားချက် ၆ ချက် တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်သည့် စံနှုန်းမှာ ၁၉၁၃ ခုနှစ်လောက်က ပေါ်ပေါက်ခဲ့သည့် ဂျိုးဇက်စတာလင်၏ သတ်မှတ်ချက် ၄ ချက်ကို အခြေခံကာ အသစ်ထပ်မံ ဖြည့်စွက်ထားချက် ၂ ချက်ဖြင့်ပေါင်း၍ အချက် ၆ ချက် သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါစံနှုန်းမှာ - တူညီသော ဘုံသမိုင်းကြောင်း ရှိခြင်း၊ တူညီသော ထုတ်လုပ်ရေး နည်းနာပိုင်ဆိုင်ခြင်း (လယ်ယာ စိုက်ပျိုးခြင်း သို့မဟုတ် တိရစ္ဆာန်မွေးမြူခြင်း စသည်)၊ တူညီသော ဘာသာစကား ရှိခြင်း၊ တူညီသော ယဉ်ကျေးမှု ပိုင်ဆိုင်ခြင်း၊ တူညီသော ဓလေ့ထုံးစံရှိခြင်း၊ တူညီသော စိတ်နေသဘောထား ရှိခြင်းတို့ ဖြစ်ကြသည်။ လူနည်းစု တိုင်းရင်းသား အာလုံး၏ တဝက်ကျော်ဖြစ်သော သန်း ၅၀ ခန့်မှာ နယ်စပ်ဒေသများတွင် နေထိုင်ကြသည်။ လူနည်းစု တိုင်းရင်းသားလူမျိုးများ သိပ်သည်းစွာ စုစည်းနေထိုင်ကြသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွင်း မွန်ဂိုးလီးယား၊ ရှင်ကျန်း၊ နင်ရှား၊ ကွမ်ရှီး၊ တိဗက်၊ ယူနန်၊ ကွေ့ကျိုး၊ ချင်းဟိုင်၊ စစ်ချွမ်း၊ ကန်းစု၊ လျောင်နင်း၊ ကျိလင်၊ ဟူနန်၊ ဟူပေ၊ ဟိုင်နန်နှင့် ထိုင်ဝမ်တို့ ဖြစ်ကြသည်။ ၁၉၆၆ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပစ္စည်းမဲ့ယဉ်ကျေးမှု တော်လှန်ရေးကာလတွင် တိုင်းရင်းသား အချင်းချင်းအကြားရှိ ပဋိပက္ခကို လူတန်းစား ပဋိပက္ခအမြင်ဖြင့် ချဉ်းကပ်ခဲ့သဖြင့် တိုင်းရင်းသား လူနည်းစုများကို ခေတ်နောက်ကျသူများ အဖြစ် ရှုမြင်ခဲ့ကြသည်။ လူနည်းစု တိုင်းရင်းသားရေးရာ ပေါ်လစီကို လူတန်းစား ပဋိပက္ခတွင် အသုံးပြုသည့် လူစုလူဝေး လှုပ်ရှားမှုဖြင့် အစားထိုးခဲ့သည်။ လူနည်းစု တိုင်းရင်းသားများ၏ ဘာသာရေးပွဲများ၊ ဒေသဆိုင်ရာ ဓလေ့ထုံးစံ ပွဲတော်များနှင့် တိုင်းရင်းသား ဘာသာစကား ပြောဆိုမှုများကို ခေတ်နောက်ပြန်ဆွဲသော၊ ဖောက်ပြန်မှုများအဖြစ် သတ်မှတ်ကာ ရက်စက်စွာ နှိပ်ကွပ်ခဲ့ကြသည်။ ၁၉၇၆ ခုနှစ်၊ မော်စီတုံး ကွယ်လွန်ပြီး  လေးယောက်ဂိုဏ်း ပြုတ်ကျသွားသည့် နောက်ပိုင်းတွင် လူနည်းစု တိုင်းရင်းသားရေးရာ ပေါ်လစီမှာ တဖြေးဖြေးပြန်လည် ရှင်သန်လာခဲ့သည်။ တိန့်ရှောက်ဖျင်၏ လူနဲစုတိုင်းရင်းသားရေးရာ ပေါ်လစီ - တိုင်းရင်းသားတမျိုးနှင့် တမျိုးအကြားရှိ ဝိရောဓိများကို လူတန်းစားတိုက်ပွဲ၏ ရလဒ်အဖြစ် ရှုမြင်မှုကို ဗဟိုအစိုးရက ငြင်းပယ်ခြင်းကဲ့သို့ လူနည်းစု တိုင်းရင်းသားရေးရာ ပေါ်လစီ၏ တက်ကြွသည့် အခန်းကဏ္ဍကို ဆန့်ကျင်သည့် တွေးခေါ်မှု အတားအဆီးများအား ဖယ်ရှားခြင်း။ - တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြှင့်တင်ရေးကို နိုင်ငံတော်၏ လူနည်းစု တိုင်းရင်းသားရေးရာပေါ်လစီ အလေးထားချက်အဖြစ် သတ်မှတ်ခြင်း။ - တိုင်းရင်းသားဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်စနစ်ကို ဆက်လက်ဆုပ်ကိုင်၍ ပိုမိုတိုးတက် ကောင်းမွန်အောင်ပြုလုပ်ခြင်း။ စသည့် အချက်များကို လူနည်းစု တိုင်းရင်းသားရေးရာ ပေါ်လစီ အကောင်အထည်ဖော်ရာတွင် အခြေခံအဖြစ် အတည်ပြုခဲ့သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပဓာန ဝါဒ အထက်တွင် ဖော်ပြခဲ့သည့် အခြေခံပေါ်လစီ ၃ ရပ်တွင် မှားယွင်းသော တွေးခေါ်မှုကို ဆန့်ကျင်တိုက်ဖျက်ရေးကို ပထမထားပြီး၊ ဒုတိယအချက်အနေဖြင့် လူနည်းစု တိုင်းရင်းသားများ ဒေသတွင် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်လာစေရေးကို ဦးတည်ထားသည်။ မတူ ကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုးများအကြား မတူညီသော ဝိသေသ လက္ခဏာရှိမှုနှင့် ဝိရောဓိဖြစ်မှုများကို လူတန်းစားအမြင်ဖြင့် ချဉ်းကပ် ရှုမြင်ခြင်းသည် မှားယွင်းသည်။ ၎င်းအစား အားလုံး မျှဝေခံစားကြရမည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ဆီသို့ ဦးတည်ညီညွတ်ကြစေရန် တိန့်ရှောက်ဖျင်က အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ကတ်သက်သည့် တိန့်ရှောက်ဖျင်၏ အတွေးအခေါ်မှာ တိုင်းရင်းသားတမျိုးနှင့် တမျိုးအကြားရှိ ဝိရောဓိများကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကျော်လွှားနိုင်သည်ဟူ၍ ဖြစ်သည်။ လူနည်းစု တိုင်းရင်းသား ရေးရာ ပြဿနာဖြေရှင်းရေးကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမှု ရှုထောင့်မှ ချဉ်းကပ်သည့် တိန့်ရှောက်ဖျင်၏ အမြင်ကို နောက်ပိုင်းခေါင်းဆောင်များ ဖြစ်ကြသော ကျန်းဇီမင်းနှင့် ဟူကျင်းထောင်တို့ကလည်း ဆက်လက် လက်ခံကျင့်သုံးသည်။ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး တရုတ်ပြည်၏ လူနည်းစု တိုင်းရင်းသားရေးရာ ပေါ်လစီကို နိုင်ငံရေးအရ ပုံဖော်မှုမှာ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ကျင့်သုံးမှုအောက်တွင် သက်ဆိုင်ရာဒေသ နိုင်ငံတော်ယန္တရားများ၌ ဥပဒေပြဋ္ဌာန်းခွင့် ရှိသည်။ ထို့အတူ သက်ဆိုင်ရာ ဒေသအဆင့်၏ ဘဏ္ဍာရေးစီမံခန့်ခွဲခွင့်၊ ဒေသခံများအား အလုပ်အကိုင် ဖန်တီးပေးခွင့်၊ တိုင်းရင်းသား ဘာသာစကား၊ စာပေ ယဉ်ကျေးမှုနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ခွင့် အာဏာများ ရှိကြသည်။ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကျင့်သုံးခြင်းက သက်ဆိုင်ရာအစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် ဒေသအခြေအနေနှင့် လိုက်လျောညီထွေဖြစ်ကာ ပိုမိုထိရောက် ကောင်းမွန်စေသည်။ ၂၀၀၃ ခုနှစ်ကုန် စာရင်းအရ လူနည်းစု တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ ၁၅၅ ခု ရှိသည်။ အဆိုပါ ၁၅၅ ခုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကြီး ၅ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ၃၀ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင် ၁၂၀ တို့ ပါဝင်သည်။ ၂၀၀၀ ခုနှစ်က ကောက်ယူခဲ့သော စာရင်းဇယားအရ လူနည်းစုတိုင်းရင်းသား ၅၅ မျိုးတွင် ၄၄ မျိုးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများ ရှိကြသည်။ လူနည်းစု တိုင်းရင်းသား အားလုံး၏ ၇၁% က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများတွင် နေထိုင်ကြပြီး အဆိုပါနယ်မြေများမှာ တရုတ်တပြည်လုံးဧရိယာ၏ ၆၄% ရှိသည်။ လက်တွေ့ပြဿနာ လူနည်းစု တိုင်းရင်းသားများအတွက် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး ကျင့်သုံးမှုတွင် ထူးခြားချက်နှစ်ရပ် ပါရှိသည်။ ပထမတခုမှာ- အမျိုးသား သွေးစည်းညီညွတ်မှုကို ဦးစားပေးခြင်းနှင့် လူနည်းစု အခွင့်အရေးများအပေါ် ဗဟိုချုပ်ကိုင်မှု ရှိခြင်း ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒေသဆိုင်ရာ တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ရေး ဥပဒေပုဒ်မ ၅ တွင် ဒေသအစိုးရများက အမျိုးသား စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းရန်တာဝန်ရှိမှုကို ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ ၇ တွင် ဒေသအစိုးရများသည် ဗဟိုအစိုးရ၏ လက်အောက်ခံ ဖြစ်ကြောင်းနှင့် လူနည်းစုအခွင့်အရေးမှာ နိုင်ငံတော် အကျိုးစီးပွား၏ လက်အောက်ခံ ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ဒုတိယတခုမှာ- ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးသည် တိုင်းရင်းသားများနှင့် ဒေသဆိုင်ရာ အချက်အလက်များ ပေါင်းစပ်ထားမှုနှင့် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များ ပေါင်းစပ်ထားသည့် ပုံသဏ္ဌာန်ပင်ဖြစ်ပြီး၊ ရည်ရွယ်ချက်မှာ တမျိုးသားလုံး၏ စည်းလုံးညီညွတ်ရေး၊ လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ဖြစ်ပေသည်။ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများ တည်ထောင်ပေးသည်နှင့် လိုက်လျောညီစွာ၊ အခြေခံဥပဒေပုဒ်မ ၅၉ အရ အမျိုးသားပြည်သူ့ကွန်ဂရက်သို့ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများ၏ ကိုယ်စားလှယ် စေလွှတ်ခွင့် အထူးအခွင့်အရေးကို ပေးထားသည်။ အဆိုပါ အခွင့်အရေးအရ အမျိုးသားပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်နေရာ အားလုံး၏ ၁၂ % ကို လူနည်းစု တိုင်းရင်းသားများ ကိုယ်စားပြုခွင့် ရရှိကြသည်။ ထို ၁၂ % မှာ တပြည်လုံးရှိ လူနည်းစု တိုင်းရင်းသား အရေအတွက် အချိုးအစား ၈% ထက် ပိုမိုများပြားသည် မှန်သော်လည်း ဒီမိုကရေစီ အခြေခံအုတ်မြစ် အားနည်းမှုကြောင့် လုံလောက်သော ကိုယ်စားပြုမှု မဟုတ်ကြောင်း ဝေဖန်မှုများလည်း ရှိနေလေသည်။ ဒီမိုကရေစီ အခြေခံအုတ်မြစ် အားနည်းမှု ဆိုသည်မှာ တိုင်းရင်းသားဒေသ ကိုယ်စားလှယ်များသည် လွတ်လပ်စွာ ယှဉ်ပြိုင်ကြရသည့် ရွေးကောက်ပွဲများဖြင့် ရွေးချယ်ခြင်းမဟုတ်ဘဲ ပါတီက လက်ရွေးစင် ရွေးချယ် စေလွှတ်လိုက်သူများ ဖြစ်သောကြောင့် ဖြစ်လေသည်။                                                                                                                ရဲထွန်း (သီပေါ) ကိုးကား ; Ethnic minority policy of People’s Republic of China, An overview by Yuen Siu Tim, The Hong Kong Institution of Education
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024