Home
မြန်မာသတင်း
မြို့ဝင်ကြေးများ ဖျက်သိမ်းရန် ညွှန်ကြားထားခြင်းမရှိဟု မွန်ပြည်နယ်စည်ပင် ပြော
DVB
·
July 26, 2017
မွန်ပြည်နယ်မှာ  မြို့ဝင်ကြေးတွေ ဖျက်သိမ်းဖို့  ပြည်ထောင်စုအစိုးရက ညွှန်ကြားထားတာ မရှိသေးဘူးလို့  မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီက ပြောကြားပါတယ်။ မြို့ဝင်ကြေး ကောက်ခံတာ ဥပဒေနဲ့ မညီကြောင်း ဝေဖန်နေကြတဲ့ အပေါ် ဥပဒေနဲ့ အညီသာ ဆောင်ရွက်တာ ဖြစ်ပြီး ပြည်ထောင်စုက မြို့ဝင်ကြေး မကောက်ဖို့  ညွှန်ကြားလာပါက ဖျက်သိမ်းသွားမယ်လို့ပြည်နယ် စည်ပင်ဌာန ညွှန်ကြားရေးမှူး ဦးမြင့်အောင်ကပြောပါတယ်။ “မြို့ဝင်ကြေးဆိုတာ ကျနော်တို့ စည်ပင်သာယာမှာက ဘီးလှိမ့်ခွန် ဆိုတာ ရှိတယ်။ နိုင်ငံတော်ကလည်း အခွန်အခတွေနဲ့ သွားနေတော့ ဒါက ဥပဒေနဲ့အညီပါပဲ။ ကျနော်တို့ ကတ္တရာတွေ ခင်းတယ်။ အဲဒီအပေါ်မှာ ပြည်သူလူထုက ဘီးလှိမ့်သွားတယ်။ အဲဒါ မြို့ဝင်ကြေးလို့ ခေါ်တာပါ။ ဥပဒေနဲ့အညီပါပဲ။ ပြည်ထောင်စုက မကောက်ဖို့ ညွှန်ကြားလာရင်တော့ ပယ်ဖျက်ရမှာပါ။ လက်ရှိတော့ ညွှန်ကြားထားတာမရှိပါဘူး” မြို့ဝင်ကြေးဖျက်သိမ်းပေးဖို့ တောင်းဆိုမှုတွေရှိပေမယ့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့ဝင်ကြေး ရှိသင့်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က လည်းပြောပါတယ်။ “မြို့ဝင်ကြေး ဆိုတာကလည်း ဒေသဖွံ့ဖြိုးရေးအတွက် ကောက်တာပါပဲ။ အစိုးရက တိုက်ရိုက်ကောက်တာ အခုမှ တလပဲ ရှိပါသေးတယ်။ မွန်ပြည်နယ်မှာ လိုအပ်တဲ့နေရာတွေ ဖွံ့ဖြိုးရေးအတွက် သုံးဖို့ မြို့ဝင်ကြေးဆိုတာ ရှိသင့်တယ်။ မွန်ပြည်နယ်တခုတည်း မြို့ဝင်ကြေး ရှိတာမဟုတ်ပါဘူး” ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြို့ဝင်ကြေးတွေ  ဥပဒေနဲ့ မညီပါက ဖျက်သိမ်းဖို့  တိုင်းဒေသကြီးနဲ့  ပြည်နယ်အစိုးရတို့က ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးဖို့ လိုအပ်တယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။ မွန်ပြည်နယ်အတွင်း ၁၀ မြို့နယ်စလုံးမှာ မြို့ဝင်ကြေးကောက်ခံပြီး ဒေသဖွံ့ဖြိုးရေးအတွက် သုံးမယ့်အစား စားဝတ်နေရေး မပြေလည်တဲ့  ပြည်သူလူထုရဲ့ စီးပွားရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်စေတဲ့အတွက် ဖျက်သိမ်းပေးဖို့  တောင်းဆိုနေကြပါတယ်။ မြို့ဝင်ကြေးတွေကို ယခင်က ကုမ္ပဏီတွေကို  လိုင်စင်ချပေးခဲ့ပြီး အခွန်ငွေပိုမိုရရှိစေဖို့ ယခုအခါ စည်ပင်သာယာရေးကော်မတီက တိုက်ရိုက်ကောက်ခံနေပြီး တိုးဂိတ်၊ စည်ပင်ဂိတ်၊ လမ်းတံတားကြေးတွေနဲ့ မြို့ဝင်ကြေးတွေကြောင့်  အခက်အခဲတွေ့နေတယ်လို့ မုတ္တမမြို့မှ ဒေသခံ ဦးကိုကိုလင်းက ပြောပါတယ်။ “မုတ္တမမှာနေတဲ့လူက တံတားဟိုဘက်ခြမ်းက မော်လမြိုင်ကို သွားရင် တနေ့ နှစ်ခေါက်သွားရင် နှစ်ခါ ပေးရတယ်။အသွား ၆၀၀၊ အပြန် ၆၀၀၊ မြို့ဝင်ကြေး ၂၀၀၊ တခါသွားရင် ၁၄၀၀ လောက် ပေးနေရတယ်။ မြို့ဝင်ကြေးတွေကောက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် သုံးမယ့်အစား ဖျက်သိမ်းလိုက်တာမှ ပြည်သူတွေ ပိုဝမ်းသာရမှာပါ။” မြို့နယ် စည်ပင်အနေဖြင့် မြို့ဝင်ကြေးသာ ကောက်ပြီး လမ်းနဲ့ ပလက်ဖောင်းတွေကို အခုအချိန်အထိ ပြုပြင်ခြင်း မရှိသေးဘူးလို့  ထောက်ပြနေသူတွေလည်း ရှိပါတယ်။ သထုံမြို့ ဒေသခံ ကိုကောင်းမြတ်ထက်က“ မြို့ဝင်ကြေးတွေတော့ ကောက်တယ်။ မြို့အတွက် ဘာမှ ရေရေရာရာ လုပ်တာ မတွေ့ရဘူး။ မြို့ဝင်ကြေး ကောက်တာက ကြာပြီ။ လမ်းတွေက ဒီတိုင်းတိုင်းပဲ။ သထုံ မီးပွိုင့်ထောင့်က ဘားအံနဲ့ မော်လမြိုင် လမ်းဆုံမှာ လမ်းတော်တော်ဆိုးနေပြီ။ တော်တော်လေးလည်း အန္တရာယ်များပါတယ်။ သထုံအထွက် ဒူးရင်းဆိပ်ကျေးရွာ မရောက်ခင်မှာလည်း လမ်းတွေဆိုးတယ်။ ချိုင့်တွေ တော်တော်များနေပြီ။ ဝါးပါးဆည် အရှေ့က လမ်းလည်းဆိုးတယ်။ မြို့ဝင်ကြေးက မရှိသင့်တော့ဘူး။ အခုဆိုရင် စည်ပင်ကလည်း ကောက်တယ်။ ရွှေသံလွင်ကလည်း ကောက်တယ်ဆိုတော့ နေ့တိုင်း ခရီးသွားနေတဲ့ လူတွေအတွက် အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။ သထုံမြို့လယ်ကောင်က လမ်းဆုံမှာလည်း မီးပွိုင့်ပျက်စီးမှုတွေနဲ့ လူသွားလမ်း ပလက်ဖောင်းတွေ ပြိုကျတဲ့တိုင် လနှင့်ချီကာ ပြုပြင်ပေးခြင်းမျိုး မရှိကြောင်းလည်း မြို့ခံတွေက ပြောပါတယ်။ လက်ရှိမှာ ဘီးလင်းမြို့နယ် အပါအဝင် မွန်ပြည်နယ် ၁၀ မြို့နယ်လုံးမှာ ကုန် ၁ တန် အောက် ယာဉ်ငယ်ကို ကျပ်၂၀၀၊ ၁ တန်မှ ၃ တန်အထိ ယာဉ်ကို ကျပ် ၃၀၀ ၊ ၃ တန်အထက် ယာဉ်ကြီးကို ကျပ် ၅၀၀ နှုန်းကောက်ခံနေရာ ဘီးလင်းမှာ အရင်က သိန်း ၅၀၀ နဲ့ လေလံချခဲ့ပေမယ့်လည်း အခုနှစ်မှာ တရက် ကောက်ခံရငွေ ခန့်မှန်းခြေ ၈ သိန်း ၅ သောင်း၊ တနှစ် ကောက်ခံရငွေ ခန့်မှန်းခြေ သိန်းပေါင်း ၃၀၆၀ ကျပ် လောက်ရရှိတယ်လို့ သိရပါတယ်။ အရင်က အေကေ ကုမ္ပဏီက သံဖြူဇရပ်-မုဒုံ- မော်လမြိုင် လမ်းတလျှောက်အတွက် ၃၇ မိုင်အတွက် လမ်းအသုံးပြုခ ၇၄၀ ကျပ်၊ နှီးပဒေါ တံတားနဲ့ ဝင်းဖနုံတံတား အသုံးပြုခ ၁၀၀ ကျပ်စီ၊ မုဒုံမြို့ဝင်ကြေးနဲ့ သံဖြူဇရပ်မြို့ဝင်ကြေး ၃၀၀ ကျပ်စီနဲ့ ၁၆၀၀ နီးပါး ကောက်ခံခဲ့တယ်လို့ သိရပါတယ်။ သတင်း - အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024