Home
မြန်မာသတင်း
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြန်လည်ကြားနာရန် လွှတ်တော်ဆုံးဖြတ်  
DVB
·
July 26, 2017
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ  လွှတ်တော် ကိုယ်စားလှယ်တွေ မနေ့က ဆွေးနွေးခဲ့ကြပြီး  ဥပဒေကြမ်း ပူးပေါင်းကော်မတီက  ပြန်လည်ကြားနာဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ဆုံးဖြတ်လိုက်ပါတယ်။ အဆိုပါ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီးဆွေးနွေးရာမှာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသက်မင်းဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅၊ ၆၆(က)နဲ့ (ခ)တို့ကို အာမခံပေးဖို့ ပြဋ္ဌာန်းတာဟာ  ဥပဒေပြုရေးမဏ္ဍိုင်အနေနဲ့  တရားစီရင်ရေးမဏ္ဍိုင်အပေါ် လွှမ်းမိုးဆောင် ရွက်တဲ့ သဘောမျိုး ဖြစ်နေလို့  ပြန်လည် သုံးသပ်သင့်တဲ့အကြောင်း  ဆွေးနွေးသွားပါတယ်။ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ပုဒ်မ၆၆(ဃ) မူလပြဋ္ဌာန်းချက်မှာ ပါရှိတဲ့  အနိုင်အထက်ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်းနဲ့ မလျော်သြဇာသုံးခြင်း ဆိုတဲ့ စကားရပ်တွေကို ပယ်ဖျက်ထားတာကိုတွေ့ရပြီး ဒီစကားရပ်တွေဟာ  ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ဆောင် ရွက်နိုင်တဲ့ ကိစ္စတွေ မဟုတ်လို့ ပယ်ဖျက်ထားတာဟာ ဆီလျော်တယ်လို့ ဆွေးနွေးသွားပါတယ်။ ပြင်ဆင်ချက် ဥပဒေမူကြမ်းမှာ  ပုဒ်မ ၆၆ (ဃ) ကို အစားထိုး ပြင်ဆင်ထားပြီး ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုပြီး ပုဂ္ဂိုလ် တစ်ယောက်ယောက်ကို ခြောက်လှန့်တောင်းယူတာ၊ အသရေဖျက်တာ၊ နှောင့်ယှက်တာ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်ရင် လို့ ပြင်ဆင်ထားပါတယ်။ မူလဥပဒေမှာပါတဲ့ အနိုင်အထက်ပြုတာ၊ မတရား တားဆီးကန့်ကွက်တာ၊ မလျော်သြဇာ သုံးတာတွေကို ဖြုတ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် တရားစွဲခံရသူအနေနဲ့ အာမခံရရှိမှာဖြစ်သလို တဖက်တိုင်ကြားတဲ့ သူဟာ နစ်နာသူကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်လွှဲအပ်ခံရသူကသာ တရားစွဲဆိုရေ တာ့မှာဖြစ်ပါတယ်။ ဒီဥပဒေပါ ပုဒ်မတွေကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပုဒ်မတွေလို့ ပြင်ဆင်ထားပြီးတော့ ပုဒ်မ ၆၆ (ဂ) (ဃ)၊ ပုဒ်မ ၆၈ (က) တို့ကလွဲပြီး ကျန်ပြစ်မှုတွေကို တရားစွဲဆိုရင် ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက် ယူရမယ်လို့လည်း ပြင်ဆင်ထားပါတယ်။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ လွှတ်တော်အမတ် ဦးတင်အောင်ထွန်းကတော့ နိုင်ငံခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်း ဆောင်တွေကို ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေနဲ့  အသရေဖျက်မှုတွေကနေ  ကာကွယ်တဲ့ အနေနဲ့ ပြည်သူတွေနဲ့  သတင်းမီဒီယာတွေကို တရားစွဲဆို ပြစ်ဒဏ်ကျခံစေတာဟာ နိုင်ငံတကာမှာ လက်ခံကျင့်သုံးနေတဲ့ ဒီမိုကရေစီအလေ့ အကျင့်ကောင်းတွေနဲ့ လွဲချော်နေတယ် ပုဒ်မ၆၆(ဃ)ကို အသုံးပြုပြီး အရေးယူအပြစ်ပေးတာဟာ အုပ်ချုပ်သူတွေကို  လွတ်လပ်စွာ ဝေဖန်၊ ထောက်ပြ၊ အကြံပြုတွေကို အဟန့်အတား ဖြစ်စေပြီး အုပ်ချုပ်သူတွေနဲ့ အဂတိလိုက်စားမှု၊ မတရားမှုနဲ့ အားနည်းချက်တွေအပေါ် ဝေဖန် ထောက်ပြမှုတွေကို ရပ်တန့်စေနိုင်တဲ့အတွက် ဥပဒေစိုးမိုးမှုနဲ့ ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကားတာကို နှောင့်နှေးစေမယ်လို့ ဆွေးနွေးသွားပါတယ်။ အလားတူ ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးရဲထွဋ်၊  ဦးခင်မောင်လတ်၊ ဦးဇော်မင်း၊ ဦးမောင်မောင်အုန်း၊ဦးကျော်နိုင်၊ ဦးဌေးဦး၊ ဒေါ်နော် ခရစ္စထွန်း၊  ဦးဥက္ကာမင်း၊ ဦးစိုးသိန်း၊ ဦးကျော်မြင့်ဦး၊ ဦးသန်းစိုး(ခ)သန်းစိုးနဲ့ ဦးသိမ်းဆွေ တို့ကလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဆက်သွယ်ရေးဥပဒေကို  ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဇူလိုင် ၁၃ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တင်သွင်းထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024