ချင်းပြည်နယ်မှ H1N1 တုပ်ကွေးလူနာများ သက်သာသဖြင့် ဆေးရုံမှဆင်း
ပိုင်စိုး
·
July 25, 2017
ချင်းပြည်နယ်၊ မတူပီမြို့မှာ ရာသီတုပ်ကွေး H1N1 ဖြစ်ပွားနေတဲ့ လူနာတွေ သက်သာပြီး ဆေးရုံက ဆင်းသွားပြီလို့ ပြည်နယ်ကျန်းမာရေး (ကုသရေး) ညွှန်ကြားရေးမှူး ဒေါက်တာ တင်လှက ဒီဗွီဘီကို ပြောပါတယ်။
မတူပီ မြို့ပေါ်ရပ်ကွက်တချို့မှာ ရာသီတုပ်ကွေးရောဂါလို့ ဓာတ်ခွဲအတည်ပြုထားတဲ့ လူနာ ၁၀ ယောက်ရှိပြီး တယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။
“ဒီနေ့မှာတော့ ဆေးရုံမှာ အဲဒီတုပ်ကွေးလူနာတွေ တစ်ယောက်မှ မရှိတော့ပါဘူး။ သက်သာလို့ ဆင်းသွားကြပါပြီ” လို့ ဒေါက်တာ တင်လှက ပြောပါတယ်။
သေဆုံးသူဟာ ၆ နှစ်အရွယ် ကလေးငယ်ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မှာ ရာသီတုပ်ကွေး လူနာ ၃ ယောက်ကို ဆေးရုံမှာ ကုသပေးနေပြီး လူထူထပ်တဲ့နေရာတွေကို မလိုအပ်ပဲ မသွားဖို့၊ မျက်နှာဖုံးတပ်ဆင်ကြဖို့၊ လက်ဆေးကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။