Home
မြန်မာသတင်း
ကျောက်မျက်ရတနာပြပွဲတွင်  တင်ဒါစနစ်ဖြင့်သာ ရောင်းချသွားမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
July 25, 2017
၂၀၁၇ ခုနှစ် သြဂုတ်လ ၂ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပမယ့် ၅၄ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲမှာ ကျောက်စိမ်း ကျောက်မျက်တွဲတွေကို တင်ဒါစနစ်နဲ့သာ ရောင်းချသွားမယ်လို့ ပြပွဲကျင်းပရေး ကော်မတီက ပြောပါတယ်။ ပြပွဲ စီမံရေးရာဌာနက ဒုဥက္ကဋ္ဌ ဦးသန်းဇော်ဦးက“အရင်က တင်ဒါစနစ်၊ ဈေးပြိုင်စနစ်နဲ့ ရောင်းချခဲ့ကြတာပါ။ ဈေးပြိုင်စနစ်က ဝယ်တဲ့သူက အပြိုင်ဆွဲမှ ပစ္စည်းရဲ့ အမှန်တကယ် တန်ဖိုးကိုရမှာ။ အပြိုင်ဈေးမဟုတ်ရင် ပစ္စည်းတန်ဖိုးအတွက်လည်း သံသယတွေ ရှိလာမယ်။ အဆင်မပြေဘူး။ ဒါကြောင့် ဒီပြပွဲမှာ တင်ဒါစနစ်နဲ့ ရောင်းချသွားမှာပါ”လို့ ပြောပါတယ်။ အခုပြုလုပ်မယ့်ပြပွဲမှာ ပြည်တွင်းကနေ ပြပွဲတိုင်း အမြဲရောင်းချသူတွေနဲ့ အမြဲဝယ်ယူသူတွေထဲက လူဦးရေ ၁၄၀၀ ဦးကို ၂ နှစ်သက်တမ်းရှိမယ့် ပြပွဲဝင်ခွင့်ကဒ်တွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ “ပြပွဲတခါလုပ် တခါ ဝင်ခွင့်ကဒ်လုပ်နဲ့ အမြဲတမ်းတက်တဲ့သူတွေလည်း သူလို ကိုယ်လို ဘယ်လုပ်ချင်ကျပါတော့မလဲ။ ဒါကြောင့် ပုံမှန်ဝယ်တယ်၊ ပုံမှန်လာရောက်ရောင်းချတဲ့သူတွေရဲ့ အချက်အလက်တွေကလည်း ရှိပြီးသားဆိုတော့ အခုပြပွဲရော နောက်ပြပွဲတွေအတွက်ပါ မှတ်ပုံတင်လိုမျိုး၊ ယာဉ်မောင်းလိုင်စင်လိုမျိုး ပြပွဲဝင်ခွင့်ကဒ်တွေကို ထုတ်ပေးသွားမယ်”လို့ ဦးသန်းဇော်ဦးက ပြောပါတယ်။ သြဂုတ်လမှာ ကျင်းပမယ့် ၅၄ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ကျောက်စိမ်း အရေအတွက် ၁၂၅၁ နဲ့ အတွဲပေါင်း ၆၅၆၁ တွဲကို တင်ပြရောင်းချသွားမှာဖြစ်ပြီး ကျောက်မျက် အရေအတွက်ကတော့ ၅၈ နဲ့ အတွဲပေါင်း ၃၂၆ တွဲကို တင်ပြရောင်းသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ကျောက်မျက်အတွဲပေါင်း ၄၄ တွဲ ရောင်းချနိုင်ခဲ့ပြီး အားလုံး ငွေပေးချေမှုရှိခဲ့ပြီး ရောင်းချရတဲ့ ကျောက်စိမ်းအတွဲပေါင်း ၄၀၄၁ တွဲမှာတော့ ငွေပေးချေဖို့ ၆၁၆ တွဲ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်ကပြုလုပ်ခဲ့တဲ့ ကျောက်မျက်ရိုင်းတွေနဲ့ ကျောက်စိမ်းအသားကျောက်တွဲ မြန်မာကျပ်ငွေနဲ့ ရောင်းချတဲ့ပွဲမှာလည်း ကျောက်မျက် ၁၃၀ တွဲ ရောင်းချနိုင်ခဲ့ပြီး အားလုံး ငွေပေးချေမှုရှိခဲ့ကာ ရောင်းချရတဲ့ ကျောက်စိမ်း အတွဲပေါင်း ၄၁၃၇ တွဲမှာတော့ ၇၀၆ တွဲကို ငွေပေးချေမှု ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ အဲဒီလို သတ်မှတ်ကာလအတွင်း ငွေပေးချေခြင်းမရှိတဲ့ ကျောက်အတွဲတွေအတွက် ပေးသွင်းထားတဲ့ အာမခံ စပေါ်ငွေ ၅ ရာခိုင်နှုန်း တန်ဖိုးငွေနဲ့ ကျောက်တွဲအမှတ် ဖော်ပြပြီး ပေးသွင်းထားတဲ့ငွေကို သိမ်းယူကာ ရတနာပြပွဲ တက်ရောက်ခွင့် ၃ ကြိမ် ပိတ်ပင်မှာဖြစ်တယ်လို့ ရတနာပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်မှာ ဖော်ပြထားပါတယ်။ ရတနာကုန်သည်တွေအနေနဲ့ ကျောက်အတွဲတွေ ဝယ်ယူရာမှာ တန်ဖိုးရဲ့ ၅ ရာခိုင်နှုန်းကို အာမခံစပေါ်ငွေအဖြစ် ပေးသွင်းရပြီး ကျန် ၉၅ ရာခိုင်နှုန်းကို ရက်ပေါင်း ၆၀ အတွင်း ပေးချေရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024