Home
မြန်မာသတင်း
မစ္စယန်ဟီးလီထုတ်ပြန်ချက်ကိုကန့်ကွက်ကြောင်းအရေးကြီးအဆို ပြည်သူ့လွှတ်တော်၌ တင်သွင်း
DVB
·
July 25, 2017
  ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့ မြန်မာပြည်ခရီးစဉ်အပြီး ထုတ်ပြန်ချက်ကို အပြင်းအထန် ကန့်ကွက်ကြောင်း အရေးကြီးအဆို ပြည်သူ့ လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ အိမ်မဲမြို့နယ် အန်အယ်လ်ဒီအမတ် ဒေါ်သန္တာက မနေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းသွားတာဖြစ်ပြီး မစ္စယန်ဟီးလီရဲ့ထုတ်ပြန်ချက်မှာ အစိုးရက ဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျက်ကွယ်ပြုထားတာ၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက် နေတာတွေကို လျစ်လျူရှူထားတာနဲ့ ရခိုင်ပြည်နယ်ရဲ့ ပကတိအခြေ အနေ မှန်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိတာတွေကြောင့် အရေးကြီးအဆိုတင်သွင်းခဲ့တာလို့ ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက “အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ တရားမျှတမှုတွေ နည်းတာကိုတွေ့ရပါတယ်။ ဘက်လိုက်မှုမကင်းတဲ့ အစီရင်ခံစာဖြစ်သွားရင် အစီရင်ခံစာပါ အကြောင်းအရာတွေကြောင့် ဆွေးနွေးဆုံးဖြတ်ကြရင် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးအကြီး အဆိုတင်သွင်းရပါတယ်”လို့ လွှတ်တော်မှာ ပြောသွားပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေ အလွန်စိုးရိမ်နေတဲ့  မေယုတောင်တန်းပေါ်မှာ တွေ့ရတဲ့ လူလုပ် ဥမင်လိုဏ်ခေါင်း၊ လက်နက်တွေနဲ့ လေ့ကျင့်ရေးစခန်းတွေ တွေ့ရှိမှုနဲ့ ပတ်သက်ပြီး မစ္စယန်ဟီးလီက ထိမ်ချန်ထားတာကို စိတ်မကောင်းစရာတွေ့ရတယ်လို့ လည်းပြောသွားပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ရက်ကနေ ၂၁ရက်ထိ မြန်မာနိုင်ငံကို လာရောက်ပြီး ခရီးစဉ်နဲ့ ပတ်သက်လို့ ပြည်ပကို ပြန်လည်မထွက်ခွာခင် ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီလိုထုတ်ပြန်ရာမှာ ယေဘုယျဆန်တဲ့ စွပ်စွဲချက်တွေနဲ့ မှားယွင်းတဲ့  အချက်အလက်တွေ များစွာပါဝင်နေလို့  စိတ်ပျက်ရတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်နေ့စွဲနဲ့ကြေညာပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024