Home
မြန်မာသတင်း
ကရင်​ပြည်​နယ်​ ဖွံ့ဖြိုး​ရေးလုပ်​ငန်း​များ၌ တင်​ဒါစည်းကမ်းနှင့်မညီသည့်ကုမ္ပဏီ​များကို အ​ရေးယူ​မည်
DVB
·
July 25, 2017
  ပြည်ထောင်စုနဲ့ ပြည်နယ်ဘတ်ဂျက်တွေနဲ့ တည်ဆောက်နေတဲ့ ကုမ္ပဏီတွေ စံချိန်စံညွှန်း ကိုက်ညီမှု မရှိတဲ့အတွက် တည်ဆဲဥပဒေနဲ့အညီ ထိရောက်စွာအရေးယူရန် အစီအစဉ်ရှိ မရှိ နဲ့ ရှိပါက မည့်ကဲ့သို့ အရေးယူဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသူဇာဝင်းက မေးမြန်းခဲ့ပါတယ်။ ဇူလိုင် ၂၄ ရက် မနက်က ဒုတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ အစည်းအဝေးမှာ ၎င်းက မေးမြန်းခဲ့တာဖြစ်ပါတယ်။ ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသူဇာဝင်း က “ကရင်ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ ပြည်ထောင်စုဘတ်ဂျက် ပြည်နယ်ဘတ်ဂျက်နဲ့လုပ်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ စံချိန်စံညွှန်းနဲ့ကိုက်ညီမှုမရှိတဲ့ ကုမ္ပဏီတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ ဆိုပြီးတော့ ပြန်ပြီးတော့ လုပ်ပေးတာမရှိဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့ တည်ဆဲဥပဒေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ဆိုတဲ့ မေးခွန်းမေးမြန်းခဲ့တာဖြစ်တယ်။ အဲဒါကတော့ ကျောင်းတွေကို သွားစစ်တဲ့အချိန်မှာ ကန့်သတ်ထားတဲ့ ဘေပွန်တွေ၊ ရေဒယောက်တွေ နောက်ပြီးတော့ ကျောင်းနံရံတွေ မျက်နှာကျက်တွေ သူတို့လုပ်ထားတဲ့နေရာတွေမှာ အားနည်းနေတာတွေကို တွေ့ရှိခဲ့ရတယ်”လို့ ပြောပါတယ်။ ပြည်နယ်ညွှန့်ကြားရေးမှူး ဦးစိုးမြင့်က “ဖြစ်နေတာက ခုနကလို ကျည်းဘောင်တွေ တံခါးရွက်တွေ ပေါ့။ အဲဒါတွေက တခါတလေကျတော့ သစ်တွေက မမှန်တာလေးတွေရှိတာပေါ့။ အဲဒါကို ဆရာကြီးတို့က လက်မခံဘဲ ချက်ချင်းပြင်ခိုင်းတာတွေရှိတယ်။ တခါတလေကျတော့ ကြမ်းခင်းတွေ အက်ကွဲနေတာတွေ တွေ့ရတယ်။ လုပ်နေရင်းနဲ့ကို မပြီးသေးပဲနဲ့ ကြမ်းခင်းအက်ကွဲနေတာတွေကို ဒေသဆိုင်ရာ လွှတ်တော်တွေက စောင့်ကြည့်နေတယ်”လို့ ပြောပါတယ်။ အဆိုပါမေးမြန်းမှုကို ပြည်နယ်အစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သစ်တော၊ သတ္တုနှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာက တာဝန်ယူတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေကို ပြန်လည်စီစဉ်ပြီး တင်ဒါစည်းကမ်းနဲ့ မညီတဲ့ကုမ္ပဏီတွေကို အမည်ပျက် စာရင်းသွင်းသွားမယ်အပြင် ဥပဒေချုပ်ရဲ့ လမ်းညွှန့်ချက်နဲ့အညီ ဥပဒေအတိုင်း အရေးယူဆောင်ရွက်ပေးသွားပါမယ်လို့ ပြန်လည်ပြောဖြေကြားခဲ့ပါတယ်။ အဆိုပါ ကျောင်းဆောင်သစ်ဆောက်လုပ်ခွင့်ရ ကုမ္ပဏီတွေက ကော့ကရိတ်မြို့နယ်နဲ့ ဘားအံမြို့နယ်အပြင် ကျန်မြို့နယ် အတွင်းမှာရှိတဲ့ကျေးရွာတချို့က ကျောင်းဆောင်သစ်တွေလည်း သတ်မှတ်စံချိန်စံညွှန်းအတိုင်းဆောက်လုပ်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကရင်ပြည်နယ်အတွင်း ပညာရေးဝန်ကြီးဌာနအနေ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁၉၇၀ ဒသမ ၉ သန်းနဲ့ကျောင်းဆောင်ပေါင်း ၂၄၂ ကျောင်း၊ ရုံးအဆောက်အဦး ၂ လုံးကို တင်ဒါအောင်လုပ်ပိုင်ခွင့်ရ ကုမ္ပဏီ ၄၇ ခုက တာဝန်ယူ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024