၆ လလုံးလုံး နေ့တိုင်း အဓမ္မပြုကျင့်ခံခဲ့ရတယ် – အိုင်အက်စ်လိင်ကျွန် မိန်းကလေး (ရုပ်သံ)

“ကျမ ၆ လလုံးလုံး နေ့တိုင်း အဓမ္မပြုကျင့်ခံခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် ကြိုးစားခဲ့ဖူးပါတယ်။” ဒီလိုပြောလိုက်တာကတော့ အိုင်အက်စ်အကြမ်းဖက်တွေရဲ့ လိင်ကျွန်အဖြစ် ဖမ်းဆီးခံခဲ့ရာကနေ လွတ်မြောက်လာခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေးတဦးပါ။ အက်ခ်လာစ်ဟာ အီရတ်နိုင်ငံမြောက်ပိုင်း၊ ကာဒစ်ရှ်အုပ်စုဝင် ရာဇဒီလူမျိုး မိန်းကလေးတဦးဖြစ်ပြီး သူ့အသက် ၁၄ နှစ်အရွယ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ၂၀၁၄ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ အိပ်မက်ဆိုးတခုလိုဖြစ်ခဲ့ပြီး အိုင်အက်စ် အကြမ်းဖက်တွေဟာ ရာဇဒီလူမျိုးတွေကို ပစ်မှတ်ထား ဖမ်းဆီးခဲ့ကြပါတယ်။ ဖမ်းမိတဲ့ အမျိုးသားတွေကိုတော့ သတ်ပစ်ကြပြီး ကလေးတွေနဲ့ အမျိုးသမီးတွေကိုတော့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ “သူက ကျမကို မိန်းကလေးပေါင်း ၁၅၀ ထဲက ရွေးထုတ်သွားခဲ့တယ်။ သူ့ပုံစံက ဆံပင်ဘုတ်သိုက်နဲ့ မုတ်ဆိတ်မွေးထူထူ၊ အရမ်းကို ကြည့်ရဆိုးပါတယ်။ သူ့ဆီကရတဲ့ အနံ့အသက်တွေကလည်း ဆိုးဝါးလွန်းလို့ ကျမကြောက်ပြီး သူ့ကိုတောင် မကြည့်ရဲဘူး။” အက်ခ်လာစ်ဟာ အဲဒီအမျိုးသား တိုက်ခိုက်ရေးထွက်ခဲ့ချိန်မှာ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဒုက္ခသည်စခန်းတခုဆီ ရောက်လာခဲ့တာပါ။ “ဒီအဖြစ်အပျက်တွေကို ကျမ မျက်ရည်မကျဘဲ ဘယ်လိုပြောထွက်နိုင်ပါ့မလဲ။ ခုချိန်မှာတော့ ကျမမျက်ရည်တွေ မရှိတော့ပါဘူး။” လက်ရှိမှာတော့ အက်ခ်လာစ်ဟာ ဂျာမနီနိုင်ငံမှာ ရောက်ရှိနေပြီး စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေနဲ့ ကုသမှုခံယူပြီး ပညာဆက်လက်သင်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။ သူက အနာဂတ်မှာ ရှေ့နေတယောက်ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up