မြိတ်မြို့မှာ စစ်တပ်ကားကို အရှိန်ပြင်းပြင်း မောင်းလာတဲ့ ဆိုင်ကယ်က ဝင်တိုက်တဲ့အတွက် လူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က လေယာဉ်ကွင်း လမ်းမကြီးအတိုင်း မြောက်က တောင်ကို ဆိုင်ကယ်နံပါတ် မပါတဲ့ Wave S အမျိုးအစား ဆိုင်ကယ်မှာ အရှိန်ပြင်းပြင်း မောင်းလာပြီး မြိတ်လေတပ်စခန်းဌာနချုပ်မှ စစ်တပ်ကားကို ဝင်ရောက်တိုက်မိခဲ့တာပါ။
ဆိုင်ကယ်ကို မြိတ်တောင်၊ အင်းလေးမြိုင်ရပ်ကွက်နေသူ အောင်နိုင် (၂၃-နှစ်) မောင်းနှင်ပြီး မြိတ်တောင်ကျေးရွာအုပ်စု၊ ရာပြည့်ရပ်ကွက် နေသူ နိုင်ဝင်းဌေး (၁၈-နှစ်) က နောက်က လိုက်ပါလာတာပါ။
“ဆိုင်ကယ်က ဂေါက်ကွင်းဘက်က အရှိန်နဲ့ မောင်းလာတယ်။ ရှေ့ကကားကို ကျော်အတက်မှာ အရှိန်မထိန်းနိုင်ဘဲ လေယာဉ်ကွင်းလမ်းမကြီးအတိုင်း မောင်းနှင်နေတဲ့ lanjiam အမျိုးအစား စစ်တပ်ကားရဲ့နောက်ဘီးကို အရှိန်နဲ့ ဝင်တိုက်တာပါ။ ဆိုင်ကယ်မောင်းနှင်သူ အောင်နိုင် ဝဲဘက် မျက်ခုံးကွဲဒဏ်ရာ၊ နားသွေးထွက် ဒဏ်ရာ၊ ပါးစပ်သွေးအန်ဒဏ်ရာတွေ ရရှိပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေထား ဖြစ်နေပါတယ်။ ဆိုင်ကယ်နောက်က လိုက်ပါစီးနင်းလာသူ နိုင်ဝင်းဌေးကတော့ ဝဲဒူးပွန်းပဲ့ဒဏ်ရာ၊ ဝဲဖက်ခြေထောက်ကျိုးဒဏ်ရာ၊ မျက်လုံးဖူးရောင်ဒဏ်ရာတွေ ရရှိပြီး မစိုးရိမ်ရတဲ့ အနေအထားနဲ့ ဆေးရုံကြီးမှာ ကုသပေးထားရတယ်”လို့ ဒုရဲအုပ်လှမျိုးဝေက ပြောပါတယ်။
ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ဆိုင်ကယ် အရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင်သူ အောင်နိုင်ကို မြိတ်မြို့မရဲစခန်းက ယာဉ် (ပ) ၅၇/၂၀၁၇၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း – မြတ်ထွဋ်(မြိတ်)