Home
မြန်မာသတင်း
မြေမြှုပ်မိုင်းအန္တရာယ်အသိပညာပေးသင်တန်း မြိတ်မြို့တွင် ဖွင့်လှစ်
DVB
·
July 23, 2017
  တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ မြို့နယ် ၆ မြို့နယ်မှာ မြေမြှုပ်မိုင်း အန္တရာယ်အသိပညာပေး သင်တန်းကို မြိတ်မြို့မှာ ဇူလိုင်လ ၂၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်၊ ရေဖြူ၊ သရက်ချောင်း၊ တနင်္သာရီနဲ့ ပုလောမြို့နယ်တွေ အတွင်းက သင်တန်းသားတွေကိုခေါ်ယူပြီး မြေမြှုပ်မှိုင်း၊ စက်လက်နက် အကြွင်းအကျန်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီအသင်းမှ ဦးစီးပြီး သင်ကြားပြသွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ဘေးဒုက္ခစီမံခန့်ခွဲရေး ညှိနှိုင်းရေးမှူး ဦးတင်ဦးကျော်က “မြေမြှုပ်မိုင်း နှင့် စက်လက်နက်ပစ္စည်းအကြွင်းအကျန်တွေ ရှိတဲ့နေရာကဒေသခံတွေကို အခြေခံ သဘောတရားတွေကို သိသွားစေချင်တယ်။ မြေမြှုပ်မိုင်းအန္တရာယ်တွေကို ဘယ်လိုရှောင်ရှား မလဲ။ ဒါတွေကိုသင်တန်းပြီးတဲ့အခါမှာ လူထုပညာပေးတွေ သွားရောက်ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒီသင်တန်းကို မြိတ်ခရိုင်အတွင်းမှာ ပထမဆုံးဖွင့်လှစ်တာပါ။ တနင်္သာရီတိုင်း ဒေသကြီး အတွင်းမှာတော့ ဒုတိယအကြိမ်ပါ။ ထားဝယ်မှာ တကြိမ်ဖွင့်ဖူးပါတယ်။ အခု ၂၀၁၇ မှာ မြိတ်ခရိုင်အတွင်းမှာ ဖွင့်လှစ်တာပါ”လို့ ပြောပါတယ်။ သင်တန်းဖွင့်လှစ်ပွဲ အခမ်းအနားကို မြိတ်မြို့နယ် စပါးရွှေဝါလမ်းရှိ မြိတ်ခရိုင်ကြက်ခြေနီ အသင်းရုံးမှာ ကျင်းပခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ “သင်တန်းကို ကျမတို့မြို့နယ်က ၄ ဦးလာတက်ပါတယ် ကျမတို့မြို့နယ်ကို ပြန်ရောက်တဲ့ အခါမှာ မသိနားမလည်သေးတဲ့ ဒေသတွေကိုဆီသွားပြီး အသိပညာတွေ ပြန်လည်မျှဝေပေးမှာပါ အခု လာတက်တဲ့သူတွေထဲမှာ သင်တန်းသားအသစ်တွေပဲဖြစ်ပါတယ်”လို့ ရေဖြူနီ ကြက်ခြေနီ တပ်ခွဲမှူး နော်သီတာတင်က ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ဝေးလံသည့်ဒေသတွေမှာ မြေမြှုပ်မိုင်း အကြွင်းအကျန်တွေ ရှိနေနိုင်သေးပြီး ဒေသခံတွေအတွက်အသိ ပညာပြန့်ပွားလာအောင် ဆောင်ရွက်ပေးတာဖြစ်ပြီး သင်တန်းကို ၃ ရက်သင်ကြား ပြသပေးသွားမှာ ဖြစ်ပြီး စာတွေ့လက်တွေ့တွေ ပါဝင်မယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024