ကော်ဖီဆိုင်တွင်း ဓားပြတိုက်သူအား စားသုံးသူအဘိုးအိုက ခုံဖြင့်ရိုက်နှက်ဖမ်းဆီး (ရုပ်သံ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က Starbucks ကော်ဖီဆိုင်ထဲမှာ သေနတ်နဲ့ ဓားကိုင်ဆောင်ထားသူ ဓားပြတယောက်က လုယက်ဖို့ ကြိုးစားစဉ် စားသုံးနေသူ အဘိုးအိုတဦးက ထိုင်ခုံတလုံး သုံးပြီး ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။ ရိုင်ယမ်ဖလော်ဆိုသူ ကော်ဖီဆိုင်ထဲ ဝင်လာပြီး ဓားတလက်နဲ့ သေနတ်အတု တလက်ကိုင်ဆောင် ခြိမ်းခြောက်ကာ ကော်ဖီအရောင်းစာရေးဆီမှာ ငွေတောင်းခံခဲ့တာပါ။ ရုပ်သံထဲမှာ ခြိမ်းခြောက်လုယက်သူက အပြာရောင် ဆိုင်ကယ်စီးအုပ်ထုတ်ကို ဆောင်း၊ သေနတ်တုတလက် ကိုင်ဆောင်ပြီး ဝင်လာတာကို မြင်ရပါတယ်။ အဲဒီနောက် ဓားတလက်ကို ထုတ်ကာ ပိုက်ဆံထည့်ဖို့ ပလတ်စတစ်အိတ်ကို ဝှေ့ရမ်းပြီး ငွေသိမ်းကောင်တာဝန်ထမ်း အမျိုးသမီးကို ခြိမ်းခြောက်နေတာပါ။ အဲဒီအချိန်မှာ ကော်ဖီသောက်နေသူ ကရက်ဂျယ်ရီ ၅၈ နှစ် က သံခုံတလုံး ယူလာပြီး ဖလော်ရဲ့နောက်ကျောကို ရိုက်လိုက်တာကိုတွေ့ရပါတယ်။ အဲဒီနောက် ဆိုင်ကြမ်းပြင်ပေါ်မှာ လုယက်သူနဲ့ ဂျယ်ရီတို့ လုံးထွေးသတ်ပုတ်ခဲ့ကြတာကို ရုပ်သံထဲ မြင်ရပါတယ်။ လုံးထွေးသတ်ပုတ်နေကြစဉ် ဂျယ်ရီက  ဖလော်ကိုလည်း လက်သီးနဲ့ အကြိမ်ကြိမ် ထိုးခဲ့ပါတယ်။  ဂျယ်ရီရဲ့ လည်ပင်းကိုလည်း ဓားနဲ့ထိုးမိတယ်လို့ သိရပါတယ်။ လုယက်သူဖလော် ကားမောင်းထွက်ပြေးဖို့ ကြိုးစားစဉ် ရဲတွေက လမ်းပေါ်မှာ သွေးတွေ စီးကျနေတာကို တွေ့ခဲ့ပြီး ဖလော်က သူ လုယက်ခံခဲ့ရတယ်လို့ ညာပြောပေမယ့် နောက်ဆုံးမှာ သူ့ရဲ့ပြစ်ဒဏ်ကို ဝန်ခံလိုက်တယ်လို့ သိရပါတယ်။ ဖလော်ကို ဆေးရုံပို့လိုက်ပြီး လုယက်ရန်ကြိုးစားမှု သေစေနိုင်တဲ့ လက်နက်ကိုင်ဆောင်မှုနဲ့ တရားစွဲမယ်လို့ ဆိုပါတယ်။ ဓားနဲ့ထိုးတဲ့ ဂျယ်ရီရဲ့လည်ပင်းက ဒဏ်ရာကိုလည်း ချုပ်ခဲ့ရပြီး စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။ ဖမ်းပေးသူ ကရက်ဂျယ်ရီကို ရဲချုပ်ဂျယ်ရီဒိုင်ရာက သူရဲကောင်းတဦးပါလို့ အေဘီစီဆဲဗင်းသတင်းဌာနနဲ့ မေးမြန်းမှုပြုစဉ် ပြောလိုက်ပြီး “ဒါမျိုးလုပ်ဖို့ ကျနော်တို့ ထောက်ခံတယ်တော့ မဟုတ်ပါဘူး ဒီအမှုမှာတော့ ရလဒ်ကောင်းတယ်၊ ဒီအဖြစ်ကြောင့် ဘယ်သူမှ မသေဆုံးခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သူက သူရဲကောင်းပါ” လို့ ရဲချုပ်ကပြောကြောင်း သည်ဆန်းသတင်းမှာ ဇူလိုင်လ ၂၃ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up