Home
မြန်မာသတင်း
ချင်းတောင်ပေါ် မြေသားလမ်းပြိုကျမှုပြုပြင်ရန် အချိန်ပိုင်း လမ်းပိတ်ချိန် ကြေညာ
DVB
·
July 22, 2017
ချင်းပြည်နယ် တောင်ပေါ်လမ်းပိုင်းအချို့ မိုးရာသီမြေပြိုမှုများကြောင့် လမ်းပြင်ဆင်မှုတွေကို အချိန်နဲ့တပြေးညီ ပြင်ဆင်နေပြီး လမ်းအသုံးပြုသူတွေ သိစေဖို့အတွက် လမ်းပိုင်းပိတ်ပြီး ပြင်ဆင်ဖို့ လမ်းပိတ်ချိန်တွေကို ချင်းပြည်နယ် လမ်းဦးစီးဌာနက ကြေညာခဲ့ပါတယ်။ “လမ်းပိုင်းကို ပြင်ပြီဆို ကားတွေ ဆိုင်ကယ်တွေရပ်ပြီး စောင့်ရတယ်။ တခါတလေ လမ်းပြင်တာကို စောင့်ရတာ အချိန်အတော်ကြာတယ်။ ခုတော့ မနေ့က လမ်းပိတ်မယ့် အချိန်တွေကို လက်ကမ်းစာစောင်နဲ့ ဝေပြီး အသိပေးလာပြီ” လို့ တောင်ပေါ်ကားလိုင်းက ယာဉ်မောင်းတဦးက ပြောပါတယ်။ မိုးရာသီမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းတောင်ပေါ် ဟားခါး-ဖလမ်း-ကလေး လမ်းပိုင်းမှာ ပြည်နယ်လမ်းဦးစီးက မကြာခဏ မြေပြိုတတ်တဲ့နေရာတွေကို စက်ယန္တရားတွေနဲ့ ပြုပြင်ပေးနေပြီး အဲ့ဒီလမ်းပိုင်းမှာ သိုင်းငင်းရွာအနီး အထပ်ကွေ့တွေနေရာနဲ့ တောင်စွယ်နေရာတွေမှာ နှစ်စဉ်လမ်းသားပြိုကျခြင်တွေ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ “လမ်းပိတ်ချိန် ကန့်သတ်တော့ ကောင်းပါတယ်။ ကားထွက်တဲ့အချိန်ကို လမ်းဖွင့်တဲ့ အချိန်နဲ့မှန်းပြီး ထွက်ရတော့ အချိန်သိပ်မစောင့်ရဘူးပေါ့။ မဟုတ်ရင် အချိန်ပေးစောင့်ရတာနဲ့ အချိန်နဲ့ သွားလာရတဲ့ လုပ်ငန်းသမားတွေ လွဲချော်မှု ဖြစ်တယ်" လို့လည်း ကလေးနယ်ခံ ကိုဆန်းဦးက ပြောပါတယ်။ ချင်းပြည်နယ် မြောက်ပိုင်း ကလေး ဖလမ်း လမ်းပိုင်း မိုင်တိုင် ၃၀ /၀ နဲ့ ၃၀ /၂ တို့ (သိုင်းငင်းအနီး တောင်ပြိုတဲ့ နေရာ) ၂ နေရာ လမ်းပြင်ဖို့ ပြည်နယ် လမ်းဦးစီးဌာနအနေနဲ့ ၇ လပိုင်း ၂၃ ကနေ ၈ လပိုင်း ၃ ရက်နေ့အတွင်း လမ်းပိတ်ပြီး ဆောင်ရွက်ပါမည်ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းအထူးဌာနက လက်ကမ်း စာစောင်တွေ ဖြန့်ဝေအသိပေးထားတာပါ။ လက်ကမ်းစာစောင်မှာတော့ မနက် ၆ နာရီကနေ ၈ နာရီ ၁၀ နာရီကနေ ၁၂ နာရီ ထိ မနက်ပိုင်း ၂ ချိန်၊ နေ့လယ်ပိုင်း ၂ နာရီကနေ ၄ နာရီနဲ့ ညနေ ၆ နာရီကနေ ည ၈ နာရီထိ ၂ ကြိမ် တနေ့ စုစုပေါင်း လေးကြိမ်လမ်းပိတ်မယ်လို့ ကြေညာထားပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024