တူရကီနှင့် ဂရိတွင် ပြင်းအား ၆ ဒသမ ၇ ရှိ ငလျင်လှုပ် (ရုပ်သံ)

တူရကီနိုင်ငံ မြို့နှစ်ခုနဲ့ ဂရိနိုင်ငံ ကော့စ်ကျွန်းမှာ ဇူလိုင် ၂၁ ရက်နေ့က ပြင်းအား ၆ ဒသမ ၇ မဂ္ဂနီကျုရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး လူ ၉၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒီမြေငလျင်ဟာ ဇူလိုင် ၂၁ ရက် ဒေသစံတော် မနက် ၁ နာရီ ၃၁ မိနစ်မှာ တူရကီနိုင်ငံ မာမာရိစ်ကမ်းရိုးတန်းမြို့ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့က ပြောပါတယ်။ ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ ၇ ရှိတဲ့ ငလျင်ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ တူရကီဘက်က ဘိုဒရွမ်နဲ့ ဒက်ကာမြို့၊ ဂရိနိုင်ငံက ကော့စ်ကျွန်းတွေကို ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကြောင့် ဂရိနိုင်ငံ ကော့စ်ကျွန်းမှာ လူ ၂ ဦး သေဆုံးခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရရှိသွားပါတယ်။ တူရကီနိုင်ငံ ဘိုဒရွမ်မြို့မှာတော့ တညလုံးလှုပ်ခတ်တဲ့ ငလျင်ကြောင့် လူတွေ ကြောက်လန့်ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီ့အတွက်  လူ ၇၀ လောက် ဒဏ်ရာရပြီး ဆေးရုံတင်ထားရပါတယ်။ ဘိုဒရွမ်မြို့မှာ ငလျင်အကျိုးဆက်အနေနဲ့ ပင်လယ်ကမ်းခြေကနေ ရေတွေတက်လာတာကိုလည်း မြင်တွေ့ကြရပါတယ်။ ဒါ့အပြင် ငလျင်ဒဏ်ကြောင့် ဘိုဒရွမ်မြို့မှာ အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့တော်ဝန်က ပြောဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up