အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ထားတဲ့ စာတွေ ဖြန့်ဝေသူတဦးကို ဒေသခံတွေက ရဲလက် အပ်ပေမယ့် အရေးယူခြင်း မရှိဘူးလို့ ဒေသခံ အန်အယ်လ်ဒီက ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က ၀င်ပြိုင်မယ့် ဒေါ်အောင် ဆန်းစုကြည်ကို သုံးခွမြို့နယ်အတွင်း ပုတ်ခတ်စာတွေဖြန့် ဝေခဲ့တဲ့ ဦးမင်းဆွေ (ငါးမင်းဆွေ)ကို ဒေသခံပြည်သူတွေက ရဲလက်အပ်ခဲ့ပေမယ့် မြို့နယ်ရဲတပ်ဖွဲ့က အရေးမယူခဲ့တာပါ။
ဖေဖော်ဝါရီ ၂၉ ရက်နဲ့ မတ်လ ၁ ရက်နေ့တွေမှာ ဦးမင်းဆွေဟာ အမျိုးသမီး ငယ်တချို့နဲ့ သုံးခွမြို့ကိုကားနဲ့ ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးပြောဆိုဖို့နဲ့ မပြောရင် သူအပါအ၀င် ပြည်သူလူထုနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့စာတွေ သုံးခွမှာ ဖြန့်ဝေခဲ့ပါတယ်။
ဒီစာကိုရတဲ့ ဈေးသည်တွေက အန်အယ်လ်ဒီ အောင်နိုင်ရေးရုံးကို သွားရောက် ပြောဆိုလို့ ဦးမင်းဆွေရဲ့ လုပ်ရပ်ဟာ ကော်မရှင်ဥပဒေနဲ့ ငြိတယ်ဆိုပြီး ရဲစခန်းကို ပို့ဆောင်ခဲ့ပါတယ်။ ဒါပေ မယ့်ရဲ က အရေးမယူဘူးလို့ သုံခွ အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင် ကိုယဉ်အေးက ပြောပါ တယ်။
ဦးမင်းဆွေရဲ့ မော်တော်ယာဉ်က ရပ်ထားတဲ့ ဆိုင်ကယ်၊ ကားတွေကို ပွတ်တိုက်မိတဲ့ ကိစ္စ တွေကိုလည်း တိုင်ကြားခဲ့ပေမယ့်ရဲက အရေးမယူဘူးလို့ သူကဆက်ပြောပါတယ်။ စာဖြန့်ဝေချိန်မှာ ပြည်ထောင်စုဝန်ကြီး ၃ ဦး သုံးခွမြို့ကို ရောက်ရှိနေခိုက် ဖြစ်ပြီး အရပ် သားယာဉ် တွေ ရပ်နားခွင့် မရတဲ့ နေရာမှာ စာဝေသူ ဦးမင်းဆွေးရဲ့  ကားက ရပ်နားခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် စာဝေသူတွေဟာ သုံးခွမြို့နားက ကျေးရွာတချို့ မှာ စာဆက်လက်ဖြန့် ဝေတဲ့ အခါ ရွာခံလူ ငယ်တွေနဲ့ အချေအတင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး သုံးခွရဲစခန်းကို ဆက်သွယ် မေးဖို့ကြိုးစားပေမယ့် မရပါဘူး။