Home
မြန်မာသတင်း
သိန္နီမြို့နယ်၌ ပလောင်တပ်ဖွဲ့က ရွာသား ၁ ဦးကို ၀င်ရောက်ဖမ်းဆီး၊ ရွာသားများ ထိတ်လန့်ထွက်ပြေး
နန်းမြနဒီ
·
July 20, 2017
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် ခမ်းတိန်းကျေးရွာကို ဇူလိုင် ၁၉ ရက် ညနေက  တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့ဝင်တွေ  သေနတ်ဖောက် ဝင်ရောက်လာပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် ရွာသားတဦးကို ဖမ်းဆီးသွားပါတယ်။ ခမ်းတိန်းအုပ်စု ကောင်းလန်းရွာမှာ နေထိုင်သူ ကိုသီဟ (အသက် ၃၈ နှစ်)ကို ဖမ်းဆီးခေါ်ဆောင်သွားလို့ သိန္နီမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ပြောပါတယ်။ “ရွာသားတွေက ကျမကို ပြောတာတော့ ပလောင်စစ်သားတွေက ရွာထဲမဝင်ခင် သေနတ် အရင် ဖောက်တယ်။ ပြီးတော့ ကိုသီဟ ဆိုတဲ့လူကို ၀င်ဖမ်းသွားတယ်။ ကိုသီဟက အဲဒီရွာက ဒေသခံတိုင်းရင်းသားတော့ မဟုတ်ဘူး။ မြေပြန့်ကလာတဲ့ ဗမာလူမျိုး၊ ဒါပေမယ့် သူ အဲဒီရွာ မှာလာနေတာကြာပြီ။ သူ့ဆီကနေ ဝေါ်ကီတော်ကီ စကားပြောစက်တလုံးနဲ့ လက်ထိတ်တခုပါ ဖမ်းသွားတယ်။ အမှန်က စကားပြောစက်က သူတို့ရွာ ဘုန်းကြီးပျံပွဲမှာ သုံးဖို့ ဘုန်းကြီးက ပေးထားတာ၊ ပွဲပြီးတော့ ပြန်မအပ်သေးတာ။ ပြီးတော့ လက်ထိတ်ဆိုတာက အရင်အုပ်ချုပ်ရေးမှူးဟောင်း လက်ထက်က ရွာမှာ ဘိန်းစားတွေ သူခိုးတွေ ဖမ်းတော့ ကိုသီဟက လိုက်ဖမ်းကူတယ်။ အဲဒါကြောင့် သူ့ဆီရောက်နေတာ၊ အဲဒါတွေတွေ့တော့ သူလျှိုလို့ထင်ပြီး ဖမ်းသွားတာတဲ့။” ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရပြီးနောက်မှာ  ကျပ်ငွေ ၂၅ သိန်းနဲ့ ရွေးပြီးမှ ပြန်လွတ်လာတယ်လို့  ကာယကံရှင်ဖြစ်သူ ကိုသီဟက ပြန်လွတ်လာပြီးနောက်   ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်က သိန္နီမြို့မှာ အရန်မီးတပ်တပ်ဖွဲ့ ဝင်ထားတယ်ခင်ဗျ၊ အဲဒါကို ပလောင်စစ်သားတွေက တောင်ပေါ်ကနေ ဆင်းလာပြီးတော့မှ ကျနော့်ရဲ့အိမ်ရှေ့ ရောက်လာတယ်၊ ဝင်လာပြီး ကျနော့ရဲ့ သင်တန်းဆင်းလက်မှတ်ကို ကြည့်ပြီး ကျနော့်ကို လက်သီးနဲ့ ပစ်ထိုးတယ်၊ ခြေထောက်နဲ့ကန်တယ်၊ ကျနော့ကို လက်ထိတ်ခတ်ပြီး သေနတ်နဲ့ပစ်တယ်၊ ပထမတချက် ခေါင်းကို ပစ်တယ်၊ ကျေန်ာက တိမ်းလိုက်တော့ လွတ်သွားတယ်၊ နောက်တချက်က ကျနော့ရဲ့ ညာဘက်ပေါင်ကို ခြေတောက်နဲ့ ကန်ပြီး ပစ်တယ်၊ အဲဒါကို ကျနော်လည်း တေ့ရှောင်လိုက်တယ်ခင်ဗျ၊ ပြီးတော့ ကျနော့ကို ရိုက်နှက်စစ်မေးတယ်၊ မင်းက ထောက်လှမ်းရေးလား၊ စစ်သားလား၊ အာရ်စီအက်စ်အက်စ်ကလားလို့ ကျနော့်ကို မေးတယ်။ ကျနော်က ဘာမှမဟုတ်ဘူး  သာမန်အရပ်သားပါလို့ ဖြေတော့ တခါပြန်ရိုက်တယ်။ ကျနော့်ကို ဖမ်းခေါ်သွားမယ်။ ကျနော့်မိန်းမကို ပိုက်ဆံ သိန်း ၃၀ နဲ့ လာရွေးဖို့ပြောတယ်၊ ညနေ ၄ နာရီခွဲမှ ပိုက်ဆံမရောက်ရင် ပိုက်ဆံလည်းအဆုံး ကျနော့်ကိုလည်း အသတ်လို့ ပြောတယ်။ ကျနော်တို့ ဘယ်က ပိုက်ဆံရှိမလဲဗျာ။ ကျေနာ့မိန်းမက ရွာထဲ လိုက်ချေးတာမရလို့ ဘုန်းကြီးကျောင်း ရောက်သွားတယ်။ ဆရာတော်က သနားပြီး ကျောင်းဆောက်မယ့် ရန်ပုံငွေထဲကနေ ၂၅ သိန်း ချေးလိုက်ပါတယ်၊ ကျနော့်မိန်းမက အဲဒီ ၂၅ သိန်းနဲ့ ကျနော့်ကို ပန်ကျန်ဆိုတဲ့ နေရာမှာ ပြန်လာရွေးတယ်၊ အဲဒါမှ ၃ နာရီလောက် ခြေကျင်လျှောက်ပြီး ပြန်လာရတယ်၊ အိမ်ပြန်ရောက်တော့ ၇ နာရီခွဲပြီ ” ပလောင်တပ်သားတွေက သူ့ဆီက စကားပြောစက်တလုံးနဲ့ လက်ထိတ်တခုကိုသိမ်းယူသွားတယ်လို့ ပြောပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ ရွာထဲ ဝင်လာတဲ့အတွက် ဒေသခံရွာသားတွေဟာ ထိတ်လန့်ပြီး မြို့ပေါ်ဘုန်းကြီးကျောင်းတွေဆီ ထွက်ပြေးလာကြတယ်လို့ တိမ်းရှောင်သူတွေကို သွားရောက်တွေ့ဆုံ ကူညီပေးခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ပြောပါတယ်။ “သေနတ်သံလည်းကြားတော့ ခမ်းတိန်းရွာကော၊ အဲဒီအုပ်စုထဲက နောင်ကား၊ ကောင်းလန်း၊ မန့်ကျောက်၊ ဟိုနားရွာက ဒေသခံတွေပါ ကြောက်လန့်တကြားနဲ့ ထွက်ပြေးလာကြတာ။ သူတို့ရွာက သိန္နီမြို့အနောက်ဘက် ၂ မိုင် ၃မိုင်လောက်ပဲ ဝေးတော့ ခြေကျင်လျှောက်လာကြတာ များတယ်။ တချို့က လယ်ထဲမှာ ကောက်စိုက်ရင်း ထွက်ပြေးတာ ခြေတောက်မှာ ရွှံ့တွေပေလို့။” ထွက်ပြေးလာသူတွေကို သိန္နီမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွေမှာ နေရာချပေးထားရာမှာ ကျောင်းဆိုင်ကျောင်းတိုက်မှာ ၁၀၀ ကျော်၊ ကျောင်းကန်ကျောင်းတိုက်မှာ ၂၇ ဦး၊ ကောင်းမူး ထတ်ကျောင်းတိုက်မှာ ၂၂ ဦးတို့ရှိတယ်လို့ သိရပါတယ်။ သူမအနေနဲ့ ရွာသားတွေကို နေရာထိုင်ခင်းကူညီပေးပြီး သက်ဆိုင်ရာ ရှမ်းပြည်နယ်အစိုးရ၊ လားရှိုးခရိုင်အုပ်ချုပ်ရေးရုံး၊ သိန္နီမြို့နယ်အုပ်ချုပ်ရေးရုံးတွေကို အကြောင်းကြားထားကြောင်း၊ လူမှုကူညီရေးအဖွဲ့တွေလည်း စောင်နဲ့ စားစရာတွေ လာရောက်ထောက်ပံ့ကူညီပေးနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်ကတော့ သိန္နီဘက်မှာ တီအန်အယ်လ်အေ လှုပ်ရှားတာ မရှိဘူးလို့ ဖြေကြားပါတယ်။ “ကျေန်ာတို့လူတွေ လိုက်မေးကြည့်တယ်။ အဲဒီဘက်နီးတာက ကျနော်တို့ တပ်မဟာ ၅၊ တပ်မဟာ ၆ ဖြစ်တယ်။ ဖေ့စ်ဘုတ်ပေါ်မှာ ဒီသတင်းတွေ့တော့ လှမ်းမေးကြည့်တာ မရှိဘူးလို့ပြောတယ်။ ဘယ်အဖွဲ့ကလုပ်လဲ ဆိုတာလည်း မပြောတတ်ဘူး။ ကျနော်တို့လူလည်း မရောက်တော့ မေးရမယ့်လူလည်း မရှိဘူး။” သူတို့အဖွဲ့ဟာ မနေ့ည ၇ နာရီကျော်မှာတော့ မြန်မာ့တပ်မတော်နဲ့  မန်တုံမြို့နယ် နောခူးရွာ နားမှာ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် နောခူးရွာက လူနေအိမ်နဲ့ အိမ်မွေး တရိစ္ဆာန်တွေ ပျက်စီးဆုံးရှုံးကာ ရွာသားတွေ လက်ဖက်ခြံထဲ ထွက်ပြေးပုန်းရှောင်နေရတယ်လို့  တီအန်အယ်လ်အေက ထုတ်ပြန်ပါတယ်။   Photo : Sai Om Leng Wan
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024