ဒီမိုကရေစီစံနှင့်ကိုက်ညီသည့် အခြေခံဥပဒေပေါ်ပေါက်ရေး ကြိုးပမ်းရန် အန်အယ်လ်ဒီ ကြေညာ
DVB
·
July 19, 2017
ဒီမိုကရေစီစံချိန်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတရပ် ပေါ်ပေါက်ရေအတွက် ကြိုးပမ်းကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ နှစ် ၇၀ ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပြီး အာဇာနည်စိတ်ဓာတ်နဲ့ နိုင်ငံရေး နာကျင်ခါးသီးမှုတွေကို သမိုင်းသင်ခန်းစာအဖြစ် ခံယူရင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ၊ တန်းတူညီမျှရေး၊ အေးအတူပူအမျှ ဥမကွဲ သိုက်မပျက် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းနေထိုင်ရေး အတွက်လည်း တိုက်တွန်းထားပါတယ်။
ဆင်ခြင်တုံတရားနည်းပါးတဲ့ အကြမ်းဖက်သမားတွေက နိုင်ငံတော် လုပ်ကြံမှု အဖြစ် ဖန်တီးခဲ့ကြစေကာမူ အာဏာရှင်အဆက်ဆက် နိုင်ငံရေးလုပ်ကြံမှုအဖြစ် ကျူးလွန်ခဲ့ကြစေကာမူ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ စိတ်ဓာတ်နဲ့ ပုံရိပ်တွေဟာ မြန်မာနိုင်ငံ တည်တံ့နေသရွေ့ ပြည်သူတွေရဲ့ နှလုံးသားမှာ ထာဝရ အဓွန့်ရှည်တည်ရှိနေမယ်လို့ လည်း အဖွဲ့ချုပ်ကြေညာချက်မှာ ဖော်ပြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ အကြမ်းဖက်စနစ်ကို ဆန့်ကျင်သွားဖို့လို အပ်သလို၊ ပေါ်လာမယ့် အကြမ်းဖက်မှုတွေကိုလည်း လုံးဝလက်ခံသွားမှာ မဟုတ်ဘူးလို့ ဒီကနေ့ မနက်က ပါတီဌာနချုပ်မှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားလိုက်ပါတယ်။
အာဇာနည်ကြီးတွေရဲ့ ရည်မှန်းချက် အိပ်မက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့ တိုင်းရင်းသားမျိုးနွယ်စု အားလုံးသွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ပေါက်ရေးကို အောင်မြင်တဲ့အထိ ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့လည်း သဘာပတိမိန့်ခွန်းမှာ တိုက်တွန်းပြောသွားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဌာနချုပ်မှာကျင်းပတဲ့ အခမ်းအနားကို နိုင်ငံရေး ပါတီအသီးသီးကခေါင်းဆောင်တွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ၊ အဖွဲ့ချုပ်အဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာ သံတမန်တွေတက်ရောက်ခဲ့ကြပါတယ်။