ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်လည်မှတ်ပုံတင်ခွင့်ရရှိ
ပိုင်စိုး
·
July 19, 2017
၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ တတိယနေရာအများဆုံးအနိုင်ရပြီး ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ)အဖွဲ့ဝင် ပါတီတစ်ခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကပြန်လည် မှတ်ပုံတင်ခွင့် ပြုလိုက်ပါတယ်။
ပါတီခေါင်းဆောင် ဦးကျော်မြင့်က “ခုကတော့ မှတ်ပုံတင်ခွင့်ကျပြီဆိုတော့ ဗဟို အလုပ်အမှုဆောင်ဖွဲ့ဖို့ လုပ်ရမှာပေါ့။ စည်းရုံးရေး ကာလ ၃ လ ပေးထားတယ်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ တည်ထောင်မှာပါ။ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေ ပါဝင်နိုင်ပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲပြီးတဲ့နောက် ၁၉၉၂ ခုနှစ်မှာ ဖျက်သိမ်းခံခဲ့ရပြီး အန်အယ်လ်ဒီအပါအ၀င် အထွေထွေရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီတွေ စုပေါင်းဖွဲ့စည်းတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီမှာ ပါဝင်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၀ ရွေးကောက်မှာ မပါဝင်ခဲ့ပဲ ၂၀၁၃ ခုနှစ်မှာတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နဲ့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။
ဒါပေမယ့် ပါတီတွင်းပြဿနာတွေကြောင့် ပြန်ခွဲထွက်ပြီး အခု တတိယအကြိမ် ပြန်တည် ထောင်လိုက်တာ ဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ပါတီ မှတ်ပုံတင်ခွင့်ရရှိထားတဲ့ နိုင်ငံရေးပါတီပေါင်း ၉၄ ပါတီရှိနေပြီဖြစ်ပါတယ်။