ခြေစစ်ပွဲအောင်မြင်မည်ဟု ယုံကြည်ထားကြောင်း မြန်မာယူ-၂၂ နည်းပြချုပ် ပြော

မြန်မာအသင်းအနေနဲ့ အာရှယူ-၂၃ ခြေစစ်ပွဲ အောင်မြင်မယ်လို့ ယုံကြည်ထားပြီး ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေတယ်လို့ နည်းပြ ဂတ်ဇီဆီက ပြောပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှ ယူ-၂၃ ခြေစစ်ပွဲအကြို သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁၈ ရက်က အင်းယားလိတ်ဟိုတယ်မှာ ပြုလုပ်ခဲ့ရာ မြန်မာနည်းပြချုပ်က အဲဒီလို ပြောဆိုခဲ့တာပါ။ ဒီပွဲမှာ မြန်မာနည်းပြ ဂတ်ဇီဆီနဲ့အတူ သြစတြေးလျနည်းပြ ဂျိုးဇက်၊ စင်ကာပူနည်းပြ ရစ်ချက်တာဒီနဲ့ ဘရူနိုင်းနည်းပြ ကွန်အွန် ဆွန်းတို့ တက်ရောက်ခဲ့ပါတယ်။ မြန်မာ ယူ-၂၂ အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇူလိုင် ၁၉ ရက် ဒီကနေ့မှာ စင်ကာပူအသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာပါ။ သြစတြေးလျနည်းပြ ဂျိုးဆက်ကတော့ ဒီအုပ်စုမှာပါဝင်တဲ့ အသင်းတွေကို လေးစားမှုရှိပေမယ့် သူတို့အသင်းနဲ့ မြန်မာအသင်းတို့ပဲ ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးများတယ်လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မြန်မာယူ-၂၂ အသင်းဟာ စင်ကာပူနဲ့ အုပ်စုအဖွင့်ပွဲ ကစားအပြီး ဘရူနိုင်းအသင်းနဲ့ ဇူလိုင် ၂၁ ရက်မှာ ဆက်ပြီး ယှဉ်ပြိုင်ရမှာပါ။ မြန်မာအသင်းအတွက် အုပ်စုတက်ရေး အဆုံးအဖြတ် ပွဲစဉ်ဖြစ်လာမယ့် သြစတြေးလျ ယူ-၂၃ နဲ့ပွဲကိုတော့ ဇူလိုင် ၂၃ ရက်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အာရှ ယူ-၂၃ ခြေစစ်ပွဲကို အသင်းစုစုပေါင်း ၄၀ က ၄ သင်းပါတဲ့ အုပ်စု ၁၀ ခုခွဲပြီး ယှဉ်ပြိုင်ကစားမှာပါ။ အုပ်စုပတ်လည် ကစားရမှာဖြစ်ပြီး အုပ်စုတခုချင်းစီက အုပ်စုပထမအသင်း တသင်းစီနဲ့ အကောင်းဆုံး အုပ်စုဒုတိယ ၅ သင်း စုစုပေါင်း ၁၅ သင်းက အိမ်ရှင်တရုတ်အသင်းနဲ့အတူ နောက်ဆုံးအဆင့်ပြိုင်ပွဲ ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

More News
Up