Home
မြန်မာသတင်း
မော်လမြိုင်တွင် သားအမိ ၂ ဦး လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံး၊ ရွှေထည်များ ပျောက်ဆုံး
DVB
·
July 18, 2017
မွန်ပြည်နယ် မော်လမြိုင်မြို့ ကျွဲခြံကုန်းရပ်ကွက် အတ္ထရံတံတားအနီးမှာ ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်းက သားအမိနှစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ ပျောက်ဆုံးနေတယ်လို့ အသတ်ခံရသူရဲ့သားဖြစ်သူက ပြောပါတယ်။ သေဆုံးသူ ဒေါ်ဇော်မီလာ(ခ)ဇွန်မီလာဘီရဲ့ သားဖြစ်သူ စိုးဝေ(ခ)အာရစွတ်က "ကျနော့်အမေ နေမကောင်းဘူးဆိုလို့ နံပြားနဲ့ လ္ဘက်ရည်သွားပို့ပေးတာ။ အိမ်ထဲရောက်တော့ ကျနော့ညီမ အိပ်နေတယ်ထင်ပြီး နှိုးလိုက်တော့မှ သူ့လည်ပင်းပြတ်ပြီးသေနေတာတွေ့လို့ အမေ့ကို ကြည့်လိုက်တော့ မျက်နှာမှာဒဏ်ရာတွေနဲ့သွေးအိုင်ထဲမှာ လဲနေတာကို တွေ့ခဲ့တာပါ"လို့ ပြောပါ တယ်။ ဇူလိုင်လ ၁၈ ရက်နေ့ မနက် ၇ နာရီခွဲလောက်က မော်လမြိုင်မြို့ ကျွဲခြံကုန်းရပ်ကွက်၊ ဗလီကျောင်း အနီးနေသူ စိုးဝေ(ခ) အာရစွတ်ရဲ့ မိခင်နှင့်ညီမ တို့ ၂ ဦးမှာ လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိတဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသွားရောက် အကြောင်းကြားခဲ့ရာ အခင်းဖြစ်နေရာသို့ မြိုင်သာယာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဒေါ်ဇော်မီလာ (ခ) ဇွန်မီလာဘီမှာ ဝဲနထင်ပေါက်ပြဲ ထိုးသွင်း ဒဏ်ရာ(၅)ချက်၊ ဝဲဂျိုစောင်းထိုးသွင်း ပြတ်ရှ ဒဏ်ရာ ၄ ချက်၊ ဦးခေါင်းထိပ်ပြတ်ရှဒဏ်ရာ ၃ ချက် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ ၂ ချက်နဲ့ ယာညှပ်ရိုးညိုမဲဒဏ်ရာတွေ ရရှိကာ မော်လမြိုင် ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ ထားရပါတယ်။ မဇင်မာစိုး(ခ)ဆာဟာဒါ မှာ လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ ယာနထင် ထိုးသွင်း ဒဏ်ရာ ၁ ချက်နဲ့ သေဆုံးနေပြီး ဝတ်ဆင်ထားတဲ့ ရွှေလက်စွပ်၊ နားစွဲ၊ လက်ကောက်၊ ဆွဲကြိုး စုစုပေါင်းတန်ဖိုးကျပ် ၁၂၈၀၀၀၀ လောက် ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးမှုနဲ့ ပတ်သက်ပြီး မြိုင်သာယာနယ်မြေရဲစခန်းက အမှုကြီးအမှတ်စဉ်(၄/၂၀၁၇)၊ (ပ)၁၅၄/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ၃၉၄ နဲ့ အမှုဖွင့်ထားကာ ရာဇဝတ်မှု ကျူးလွန်ခဲ့သူကို အမြန်ဆုံးပြန်လည်ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးနေတယ်လို့  သိရပါတယ်။ သတင်း = ယူမင်းစိုး၊ ဓာတ်ပုံ = Zin Moe
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024