Home
ရုပျသံ
ဖမ်းဆီးခံသတင်းထောက်များ၏ ပြောကြားချက် (ရုပ်သံ)
DVB
·
July 18, 2017
မတရားသင်းအက်ဥပဒေပုဒ်မ ၁၇ (၁)နဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ သတင်းထောက် ၃ ဦးက ဇူလိုင် ၁၈ ရက် မနက် ရှမ်းပြည်နယ် သီပေါမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ် မီဒီယာတွေကို ပြောကြားချက်။ အပြည့်အစုံ.... ဒီဗွီဘီ အကြီးတန်းသတင်းထောက် ဦးအေးနိုင် “ကျနော်တို့လက်ထဲမှာ ဖောင်တိန်တောင် မပါဘူး။ အချွန်အထက်ဆိုလို့။ ဒါပေမယ့် အချိန်မရွေး မိုင်းနင်းမိနိုင်တယ်။ သေနတ်နဲ့ ချော်ပစ်နိုင်တယ် ဆိုတဲ့ နေရာတွေကို ကျနော်တို့ စွန့်စားသွားတယ်ဆိုတာ ရှင်းရှင်းပြောရမယ်ဆိုရင် ကျနော်တို့ ဘဝတွေ၊ အသက်တွေ ပေးပြီးတော့ မီဒီယာလုပ်ငန်းကို လုပ်တာ။ ဒါပေမယ့် စိတ်မကောင်းစရာ ဖြစ်တာက မြန်မာပြည်မှာ တခါဖူးမျှ မီဒီယာသမားတွေအပေါ်မှာ အရေးယူ ဆောင်ရွက်ခြင်းမရှိတဲ့ ၁၇(၁) နဲ့ ကျနော်တို့ကို တရားစွဲဆိုတယ်။ ဒါဟာ ကျနော်တို့ ထောင်ကျခြင်း၊ မကျခြင်းနဲ့စာရင် ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို သွားနေတယ်ဆိုတဲ့ လမ်းကြောင်းကို ကမ္ဘာကို ကြွေးကြော်နေပေမယ့်လည်း ရှက်စရာ ကောင်းတယ်။ ဒီဥပဒေတွေကို လွှတ်တော်ကနေ လူထုကနေ တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေက ဦးစားပေး ပြင်သင့်တယ်။ နောက်ပြီးတော့ ၆၆(ဃ)နဲ့ The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ ဖမ်းချုပ်ခံရတယ်။ အာမခံမရဘူးဆိုတဲ့ သတင်းကြားတယ်။ ဒါတွေဟာဆိုရင် အင်မတန် မဖြစ်သင့်တဲ့ကိစ္စလို့ မြင်တယ်။ ဘယ်လိုပဲ အာဃာတတွေ ရှိခဲ့ ရှိခဲ့။ ကျနော်တို့ တိုင်းပြည် ပြန်လည်ထူထောင်ဖို့ အချိန်ရောက်ပြီ။ ဥပမာဆိုရင် ကျနော်တို့ ဒီသီပေါထောင်ကို ရောက်တဲ့အခါမှာ ကျနော်တို့ လေ့လာကြည့်တဲ့အခါ အကျဉ်းကျနေတဲ့ လူပေါင်း ၄၅၀ ကျော်လောက် ရှိတယ်။ ၃၀၀ ကျော်က မူးယစ်ဆေးဝါးနဲ့ ကျတယ်။ ကျနော်တို့နိုင်ငံရဲ့ လူငယ်တွေဟာ မူးယစ်ဆေးဝါးကိစ္စနဲ့ သုံးပုံနှစ်ပုံလောက် ထောင်ထဲမှာ ထည့်ထားတယ်ဆိုရင် ထောင်ထဲက နိုင်ငံတော်ရဲ့အခွန်လည်း ကုန်တယ်။ မူးယစ်ဆေးဝါးကလည်း အပြင်မှာ စုံစမ်းကြည့်တဲ့အခါမှာ လက်ဖက်ရည်တခွက်က ၄၅၀၊ မူးယစ်ဆေးဝါး ရာမတလုံးက ၃၅၀ နဲ့ အရမ်းဖောချင်းသောချင်း ဖြစ်နေတယ်လို့ သိရတယ်။ ကျနော်တို့နိုင်ငံက အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့သင့်တယ်လို့ ကျနော် ပြောချင်တယ်။” “ကျနော်တို့ကို ဒီလိုလုပ်တဲ့အတွက် ကျနော်တို့ရဲ့ မီဒီယာကို ယုံကြည်တဲ့စိတ်ကို လုံးဝ လျော့သွားမှာ မဟုတ်ပါဘူး။ ကျနော်တို့ သတင်းထောက်အလုပ်ကို ကျနော်တို့ လုပ်တယ်။ ကျနော်တို့ကို ဖမ်းဆီးချုပ်နှောင်ခြင်းကလည်း၊ တရားစွဲတာကလည်း တကယ်ဆိုရင် ဥပဒေကြောင်းအရ ကျနော်တို့ နားလည်တာက ဒီနမ့်ဆန်မြို့အပြင်မှာ ဖမ်းတဲ့အတွက် ပြည်ထဲရေးက ကိုင်ရမှာ ဖြစ်တယ်။ ဒါပေမယ့် တပ်က ကိုင်တယ်ဆိုတော့ ဒါ မဖြစ်သင့် မဖြစ်ထိုက်ဘူးလို့ ကျနော်တို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်ဆိုရင် နမ့်ဆန်ရဲကနေ ကျနော်တို့ကို ဖမ်းရမယ်။ ဒါပေမယ့် ကျနော်တို့ကို ၂၄ နာရီ ကျော်တယ်။ ၄၈ နာရီလောက်ရှိတယ်။ ခမရ (၅၀၃) က ချုပ်ပြီးတော့ စစ်တယ်။ ကိစ္စမရှိဘူး။ စစ်။ ကျနော်တို့ မခြွင်းမချန် ပြောတယ်။ ဘာပဲ ပုဒ်မတွေ ထပ်တိုး ထပ်တိုး။ ကျနော်တို့ကလည်း ဂရုစိုက်မှာမဟုတ်ဘူး။ ဆက်ပြီးလုပ်မှာ ဖြစ်တယ်။ အပြင်မှာရှိနေတဲ့ မီဒီယာမိတ်ဆွေအပေါင်း အစ်ကိုတွေ၊ ညီတွေ၊ ဦးလေးတွေ၊ ဘကြီးတွေ ဆက်လုပ်ကြပါ။ ကျနော်တို့ မလုပ်ရင် ကျနော်တို့ ဆက်ခံရမယ်။” “၂၆ ရက်နေ့ကဆိုရင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ဖြစ်တယ်။ နှစ်ပေါင်း ၃၀ မြောက်။ ကျနော်တို့နိုင်ငံမှာရှိတဲ့ မူးယစ်ဆေးဝါးတွေ ထူပြောတယ်ဆိုတဲ့ နေရာ ရှမ်းပြည်မြောက်ပိုင်းကို သွားသတင်းယူတယ်။ သတင်းယူတဲ့အခါမှာ ကျနော်တို့ကို ဖမ်းဆီးတဲ့ကိစ္စဟာ လုံးဝမဖြစ်သင့်ဘူး။ ဥပမာပြောရရင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ၂၆ ရက်နေ့မှာ သူက မှာတာရှိတယ်။ မူးယစ်ဆေးဝါးဟာ အင်မတန် ကြောက်စရာကောင်းနေပြီ။ ပြည်သူတွေ ပူးပေါင်းပါဝင်ကြပါ။ ပူးပေါင်းမှသာ ရမယ်လို့ ပြောတယ်။ ဒီ့အပြင်ကို ဒုတိယသမ္မတကြီး ဦးမြင့်ဆွေကလည်း ပြောတယ်။ သူ့ရဲ့ မိန့်ခွန်းထဲမှာ မြန်မာပြည်ရဲ့ မူးယစ်ဆေးဝါးပြဿနာက လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးလို့ ပြောတယ်။ ၂၉ ရက်နေ့က မြန်မာ့အလင်း သတင်းစာရဲ့ အယ်ဒီတာအာဘော်မှာ ပြောတယ်။ ဒါက ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အာဘော် ဖြစ်ပါလိမ့်မယ်။ မြန်မာပြည်ရဲ့ မူးယစ်ဆေးဝါး ပြဿနာဟာ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးတင်မကဘူး။ နယ်စပ်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးနဲ့လည်း ထဲထဲဝင်ဝင် ဆက်စပ်တယ်လို့ ပြောတယ်။ အားလုံး ပါဝင်လုပ်ကြပါလို့ ပြောတယ်။ ကျနော်တို့ တကယ်လုပ်တဲ့အခါမှာ ကျနော်တို့ကို ဖမ်းတယ်။ ဒါ မဖြစ်သင့်ဘူးလို့ ပြည်သူအားလုံးကို ပြောချင်တယ်။” ဧရာဝတီသတင်းထောက် ဦးသိန်းဇော် (ခ) လ၀ီဝမ် “ဒါကြည့် သတင်းထောက်လုပ်လို့လာတယ်။ ငါလက်ထိပ်နဲ့ ဒါ ဒီမိုကရေစီလို့ ပြောလို့ ရမလား။ ဒီမိုကရေစီလို့ သူတို့ အော်နေတဲ့ဟာ ဒါ တပ်မတော်ရဲ့ ခြိမ်းခြောက်မှု၊ ငါတို့ကိုထောင်ထည့်တယ်။ လူတယောက်ရဲ့ ဦးတည်ချက်ပြောင်းသွားအောင်၊ ကြောက်လန့်သွားအောင် ဘဝကိုဆုံးရှုံးသွားအောင် သူတို့လုပ်နေတာ။ ဒါပေမယ့် ငါတို့မကြောက်ဘူး။ သူတို့ ခြိမ်းခြောက်တိုင်း ငါတို့မကြောက်ဘူး။ သတင်းထောက်၊ ပြောမယ်ကွာ မွန်၊ မွန်သူရဲကောင်း မကြောက်ဘူး။ ခြိမ်းခြောက်တိုင်းကို။ သတင်းထောက်က ငါတို့လုပ်တယ်။ ရှေ့တန်းမှာ လုပ်စရာရှိတာလုပ်တယ်။ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးလုပ်တယ်။ ရှေ့တန်းမှာ တိုက်ပွဲထဲမှာလည်း ငါတို့လုပ်ခဲ့တယ်။ ဘယ်သူမဆို အစိုးရကောင်းပဲရေးတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မကောင်းကြောင်းလည်း ရေးတယ်။ အကုန်ရေးတယ်။ အကုန်လုပ်တယ်။ အခုဒါကြည့် ဒီမိုကရေစီ” “နောက်တခုပြောပြမယ်။ ကျနော်တို့ရဲ့ညီအစ်ကို ပလောင်ရွာသားတွေနော်။ဘာမှ အပြစ်မရှိဘူး။ ဒီတယောက်ဆိုရင် ဂီတသမား၊ ဒရမ်သမားပဲ။ ငါတို့ကားနဲ့ လိုက်စီးလို့ အခု ထောင်ထဲ ရောက်သွားတယ်။ ဘာမှ အပြစ်မရှိဘူး။ ဒီတယောက်က ကားဆရာ၊ သူတို့မှာလည်းဘာမှ အပြစ်မရှိဘူး။ သူတို့လူမျိုးလုပ်တဲ့ပွဲ မူးယစ်ဆေးတိုက်ဖျက်ရေး နိုင်ငံတကာတောင်မှ ထောက်ခံပြီးတော့လုပ်တဲ့ပွဲ အခုထောင်ကျ၊ ဘာအပြစ်ရှိလို့လဲ။ သူ့ပလောင်လူမျိုး သူလုပ်တဲ့ဟာကို ဘာအပြစ်ရှိလို့လဲ။ ဥပမာ ကျနော်မွန် မွန်လုပ်တဲ့ပွဲကို ကျနော်သွားမယ်။ ကျနော့်မွန်လူမျိုး လုပ်တဲ့ဟာလေ အားပေးရမှာပဲ။ သူပလောင်သူလုပ်တာ ဘာမှ အပြစ်ရှိစရာမရှိဘူး။ အခု ထောင်ထဲရောက်တယ်။ ပြောမယ် ဒီမိုကရေစီ ဘာဒီမိုကရေစီလဲ။ ဒီမိုကရေစီသွားနေတာ နိုင်ငံတကာ အီးယူတို့ဘာတို့ ကြည့်လိုက် ဒီနိုင်ငံရဲ့ဒီမိုကရေစီ သတင်းထောက်လုပ်လို့ ထောင်ကျတယ်။” ဒီဗွီဘီ သတင်းထောက် ကိုပြည့်ဘုန်းအောင် “ကျနော် ပြောချင်တာကတော့ဗျာ အရှေ့က သတင်းစာဆရာကြီးတွေလည်း ပြောပါတယ်။ သတင်းစာတွေဆိုတာ သမိုင်းကို ဖော်ပြနေတာ။ အဲဒီအတွက် ကျနော်တို့က ဘယ်အစိုးရတက်တက် ကျနော်တို့ သတင်းထောက်က သတင်းထောက်အလုပ်ကို လုပ်သွားမှာပါ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024