လေဖိအားနည်းရပ်ဝန်း ၂၄နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်
DVB
·
July 18, 2017
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားကောင်းလာနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်း ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေနဲ့ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း ကမ်းခြေမှာ ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ရခိုင်နဲ့ တနင်္သာရီကမ်းရိုးတန်းတလျှောက် ပင်လယ်ပြင်မှာ လှိုင်းကြီးပြီး လှိုင်းအမြင့် ၉ ပေမှ ၁၄ ပေခန့်ထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်ကတော့ အရှေ့လေပွေလှိုင်းမိုး အပူပိုင်းမုန်တိုင်း TALAS ရဲ့ အကြွင်းအကျန် အရှေ့လေပွေလှိုင်းကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်တို့မှာ မိုးကောင်းနေတယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
Photo - U Tun Lwin Facebook