ချစ်စရာရေမြင်းပေါက်ကလေးနှင့် မိသားစုကြား ရှားပါးကြည်နူးဖွယ် အခိုက်အတန့် (ရုပ်သံ)

ချစ်စရာ ရေမြင်းပေါက်ကလေးတကောင်နဲ့ မိသားစုကြား ကြည်နူးဖွယ် အခိုက်အတန့်ကို ရိုက်ကူးပြထားခဲ့တဲ့ ရှားပါးရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံ၊ ဆင်ဆင်နာတီ တိရစ္ဆာန်ဥယျာဉ်နဲ့ ရုက္ခဗေဒဥယျာဉ်တွင်းမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ပုံမှန်ထက် သီတင်း ၆ ပတ် စောမွေးဖွားလာခဲ့တဲ့ ဒီရေမြင်းပေါက်စကလေးကို ဖီယွန်နာလို့ အမည်ပေးထားခဲ့ပြီး မိသားစုနဲ့ ပထမဆုံးအကြိမ်အဖြစ် ရေကူးပျော်ရွှင်နေခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။ ဖီယွန်နာဟာ လက်ရှိမှာတော့ ၆ လအရွယ်ရှိနေပြီဖြစ်ကာ မိခင်ရေမြင်းမကြီး ဘီဘီကို အနားကပ်ခံပေမယ့် ဖခင်ဖြစ်တဲ့ ဟင်နရီကို အနားကပ်မခံခဲ့တာမို့ ခုလို အတူတူ ရေကူးပျော်ရွှင်နေကြတာဟာ ပထမဆုံးဖြစ်တယ်လို့ တိရစ္ဆာန်ဥယျာဉ် တာဝန်ရှိသူတွေက ပြောပါတယ်။ ရုပ်သံဖိုင်တနေရာမှာတော့ ဖီယွန်နာဟာ မိခင်ရေမြင်းမကြီးရဲ့ ကျောပေါ်မှာ စီးနင်းလိုက်ပါပြီး ပျော်ရွှင်နေခဲ့တာကို တွေ့ရပါတယ်။ ဖီယွန်နာဟာ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးလာခဲ့တဲ့အတွက် အထူးကြပ်မတ် ကုသပေးခဲ့ရတာဖြစ်ပြီး မွေးလာချိန်က ကိုယ်အလေးချိန် ၂၉ ပေါင်သာရှိပေမယ့် လက်ရှိမှာတော့ ကိုယ်အလေးချိန်ဟာ ၃၇၅ ပေါင်နီးပါး ရှိလာခဲ့ပြီဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ မွေးကာစ ရေမြင်းပေါက်တကောင်ရဲ့ ကိုယ်အလေးချိန်ဟာ ၅၅ ပေါင်ကနေ ပေါင် ၁၂၀ ကြားရှိတာမို့ ခုလိုမွေးဖွားလာခဲ့တာဟာ ပေါင်ချိန်မပြည့်ဘဲ မွေးဖွားလာမှုအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up