Email This Story :
စင်ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံကျောင်းသားအားက စားပွဲတော်မှာ မြန်မာနိုင်ငံက ကစားသမား ၄၆ ဦးနဲ့ ၀င်ပြိုင်နေပြီး ဆုရရှိမှုကတော့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
ဒီပြိုင်ပွဲဟာ ၉ ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပွဲဖြစ်ပြီးအား ကစားနည်း စုစုပေါင်း ၁၀ မျိုးထည့်သွင်းကျင်းပနေတာပါ။
မြန်မာနိုင်ငံက အားကစားနည်း ၇ မျိုးမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဘက်စကတ်ဘော၊ ဘိုးလင်းနဲ့ ဘောလီဘောပြိုင်ပွဲတွေမှာတော့ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိပါဘူး။
မြန်မာနိုင်ငံအနေနဲ့ ရေကူးအားကစားနည်းမှာ ၅ ဦး၊ ပြေးခုန်ပစ်မှာ ၅ ဦး၊ ကြက်တောင်မှာ ၆ ဦး၊ စားပွဲတင်တင်း နစ်မှာ ၈ ဦး၊ တင်းနစ်မှာ ၆ ဦး၊ ကျွမ်းဘားမှာ ၄ဦးနဲ့ ပိုက်ကျော်ခြင်းမှာ ၁၂ ဦး စု စုပေါင်း ၄၆ ဦး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ အိမ်ရှင် စင်ကာပူအပါအ၀င် အာဆီယံနိုင်ငံ ၁၀ နိုင်ငံက ကျောင်းသားတွေပါ ၀င်ယှဉ်ပြိုင်နေတာပါ။
ဇူလိုင် ၁၅ ရက်အထိ ယှဉ်ပြိုင်မှုအရ ထိုင်းက ရွှေ ၆ ခု၊ ငွေ ၄ ခု၊ ကြေး ၄ ခုနဲ့ အဆင့် ၁ နေရာဦးဆောင်နေပြီး အင်ဒိုနီးရှားက ရွှေ ၅ ခု၊ ငွေ ၆ ခု ကြေး ၅ ခုနဲ့ အဆင့် ၂၊ ဗီယက်နမ်ကအဆင့် ၃၊ ဖိလစ်ပိုင်အဆင့် ၄၊ စင်ကာပူက အဆင့် ၅၊ မလေးရှားက အဆင့် ၆ နဲ့ ကြေးတံဆိပ် တခုရရှိထားတဲ့ မြန်မာက အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။
အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို ဇူလိုင် ၂၁ ရက်အထိ ဆက်လက် ယှဉ်ပြိုင်မှာဖြစ်ပြီး ရွှေတံ ဆိပ်စုစုပေါင်း ၁၂၀ ချီးမြှင့်မှာဖြစ်ပါတယ်။