လမ်းခင်းကျောက် အလွန်အကျွံ ထုတ်ယူမှုကြောင့် သမိုင်းဝင် စေတီပုထိုးများ ပျောက်ကွယ်နိုင်
DVB
·
July 15, 2017
ရခိုင်ပြည်နယ်၊မင်းပြားမြို့က အထင်ကရ သမိုင်းဝင် ကျိန်းတောင်စေတီတည်ရှိရာ ကျိန်တောင်တန်းတလျှောက်မှာ ဒေသအာဏာပိုင်တွေက လမ်းခင်းကျောက် အလွန်အကျွံထုတ်ယူပြီး ရောင်းချနေလို့ ရေတံခွန်တွေ၊ တောတောင်တွေ ပျက်စီးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် တောင်တန်းတစ်လျှောက်မှာရှိတဲ့ ရေတံခွန်တွေ၊ တောတောင်တွေ လုံးဝ ပျက်စီးနေပြီး ဒါကို အချိန်မီ ကာကွယ်ထိန်းသိမ်းမူ မပြုလုပ်ဘူးဆိုရင် သမိုင်းဝင်ကျိန်းတောင်ဟာလည်း အားလုံးပျောက်ကွယ်သွားနိုင်တယ်လို့ မင်းပြားရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးသိန်းဇံက ဒီဗွီဘီကိုပြောပါတယ်။
“ကုလားပုံမြောင်ဆိုတာရှိတယ်။ အဲ့ဒီမြောင်ကို ရက်ရက်စက်ထုခွဲပြီး ရောင်းချနေတာ။ ကျိန်းတောင် ဓာတ်တော်နဲ့လည်း နီးနေပြီ ဒီမြောင်က။ ဒီလိုမတရား ထုခွဲရောင်းချနေမယ်ဆိုရင် အခြား သမိုင်းဝင်စေတီလည်း ပျက်စီးကုန်မှာပဲ။ အဲ့ဒါတွေကိုလည်း တားမြစ်ပေးစေချင်ပါတယ်။ အာဏာပိုင်အဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ မြို့ပေါ်အုပ်ချုပ်ရောပိုင်းရော။ အကုန်လုံးသိစေချင်ပါတယ်။ တားမြစ်ပေးစေချင်ပါတယ်။”
ကျိန်တောင်သက်မှတ်ဧရိယာအတွင်းမှာ မိုင်းမခွဲရ၊ ကျောက်မထုတ်ရဘူးလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တားမြစ်ထားတာရှိပေမယ့် လက်ရှိအချိန်ထိ ကျောက်ထုတ်လုပ်သူတွေက မိုင်းခွဲပြီး ကျောက်ထုတ်ယူနေတယ်လို့ မင်းပြားမြို့စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက ပြောပါတယ်။
“မိုင်းမခွဲရဘူးလို့ အာဏာပိုင်တွေက တားဆီးထားပါတယ်။ ဒါပေမယ့် မထိန်းနိုင်ဘူးပေါ့နော်၊ ခွဲနေကြတာပဲ မိုင်းကို။ မိုင်းခွဲတယ်ဆိုလို့ရှိရင် ဆိုးဝါးစွာ သမိုင်းဝင်တောင်တခုလုံး ပျက်စီးသွားနိုင်တာပေါ့။ အရင်က တပ်မတော် လက်ထက်ကလည်း မိုင်းနဲ့ပဲ ခွဲသွားတယ်ဆိုတော့ အားလုံးပျက်စီးကျန်ခဲ့တာပဲ။ ဒါကို ကျနော်တို့ ဒေသခံတွေက ထိန်းသိမ်းရမယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ်။ အခုဆိုလို့ရှိ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ကပ်ဘေးတွေတော်တော် ဆိုက်နေပြီပေါ့။ ဒါတွေလည်း ပါပါတယ်။”
အခုလို ကျောက်ထုတ်လုပ်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် သက်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တားမြစ်သွားမယ်လို့ မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်က ဒီဗွီဘီကိုပြောပါတယ်။
“ပြည်သူကတင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ ကျနော်တို့ တားသွားမှာဖြစ်တယ်။ မြို့နယ်အုပ်ချုပ်ရေးနဲ့ ပူးပေါင်းတာကို တားသွားဖြစ်ပါတယ်။ ကျိန်းတောင်ကို ကျောက်ထုတ် နေရင်တော့ ဘုးရာပုထိုးတွေ ထိခိုက်နိုင်တယ်။ ဘုရားပုထိုးတွေ ပြိုကျနိုင်တဲ့အဆင့်ရှိတယ်။ ကျနော်တို့ တားဆီး ရခြင်းရဖြစ်တယ်။”
ကျိန်းတောင်တန်းဟာ ၃ မိုင်လောက် ရှည်လျားပြီး အမြင့်ပေ ၄၀၀ ကျော်ရှိပါတယ်။ ယခင်က ကျောက်ထုတ်စခန်း ၃၀ ကျော် ရှိခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ ကျောက်ထုတ်လုပ်ကွက် ၈ ခုသာရှိနေပါတယ်။
သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို