ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အန်အယ်လ်ဒီက ခေါ်ယူသတိပေး
DVB
·
July 15, 2017
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပြောဆိုချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ခေါ်ယူသတိပေးလိုက်ပါတယ်။
ဇူလိုင် ၁၄ ရက် ရက်စွဲနဲ့ သတိပေး ဆုံးမတဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာလို့ ဗဟိုကော်မတီဝင် မုံရွာ အောင်ရှင်က ဒီဗွီဘီကို ပြောပါတယ်။
အန်အယ်လ်ဒီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းကို ဒီဗွီဘီက မေးမြန်းရာမှာ “အသေးစိတ်တော့ ပြောလို့ မရဘူး။ ပြောနိုင်တာက ကျနော်တို့ အန်အယ်လ်ဒီ ပါတီအနေနဲ့ခေါ် ပြောတာ။ အစိုးရနဲ့ ကျနော်တို့ မဆိုင်ဘူး” လို့ ပြောပါတယ်။
ရန်ကုန်ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ်မှာ USAID နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အလုပ်အကိုင် ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့တွေနဲ့ မီဒီယာ စီမံကိန်း အလုပ်ရုံဆွေးနွေးပွဲမှာ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး ဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်းနဲ့ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level သာ ရှိတယ်လို့ ပြောဆိုထားပါတယ်။
ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်အပေါ်မှာ တပ်မတော်က လိုအပ်သလို စိစစ်အရေးယူပေးဖို့ အစိုးရဆီကို တင်ပြထားပါတယ်။
ပြည်ထောင်စု အစိုးရဘက်ကတော့ ရန်ကုန်ဝန်ကြီးချုပ် ပြောဆိုချက်ဟာ အစိုးရ သဘောထား မဟုတ်သလို ဦးဖြိုးမင်းသိန်းအနေနဲ့ ဆောင်ရွက်ရမယ့် အပိုင်းတွေကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့ တပ်မတော်ကို အကြောင်းပြန်ထားပါတယ်။