မင်းကင်းမြို့နယ် ရေဘေးသင့်ပြည်သူများအား လူကယ်ပြန်အဖွဲ့ ထောက်ပံ့

677
မင်းကင်းမြို့ပေါ်ရပ်ကွက် အချို့အပါအဝင် ရေဘေးသင့် ကျေးရွာများက ရေဘေးသင့်ပြောင်းရွေ့အိမ်ထောင်စုတွေကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဦးစီးဌာနက ပစ္စည်းအချို့နဲ့ ငွေသားထောက်ပံ့ ကူညီမှုကို ဒီနေ့ ပေးအပ်ခဲ့ပါတယ်။
“ခုလို ပေးအပ်တာက ၉ ရက်နေ့ထိ စာရင်းအရ ပေးခဲ့တာ ဖြစ်ပြီး ကျန်ရှိ အိမ်ထောင်စု များကိုလည်း ဆက်လက် ကူညီနိုင်ဖို့ တင်ပြ ဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့ မင်းကင်းမြို့နယ် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းစိုး က ဆိုပါတယ်။
မင်းကင်းမြို့မှာ ဇူလိုင်လ ၉ ရက်နေ့က စပြီး ဒီနေ့ထိ ရပ်ကွက် ၂ ခုနဲ့ ကျေးရွာ ၂၂ ရွာက အိမ်ထောင်စု ၃၂၇ စု ရေဘေးသင့်ဒဏ် ခံစားနေရပြီး လူဦးရေ ၁၅၀၈ ဦးဟာ ရေလွတ်ရာ ပြောင်းရွေ့နေထိုင် နေရတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ နေအိမ်မပြောင်းပဲ စင်ထိုးနေတဲ့ ရေဘေးသင့်သူတွေ ရှိနေပြီး အဲ့ဒီ အိမ်ထောင်စုတွေကိုတော့ ထောက်ပံ့ မပေးသေးဘူးလို့ ဦးသိန်းစိုးက ဆက်လက် ဆိုပါတယ်။
လက်ရှိ ရေဘေးသင့် အိမ်ထောင်စု ၃၂၇ စုမှာ အိမ်ထောင်စုပေါင်း ၈၉ စုကို တစ်အိမ်ထောက်စုအတွက် ပုဆိုးတထည် လုံချည် တထည် တဘက် တထည် ရွှေဝါ ဆပ်ပြာ တထောင့်နဲ့ ငွေ ၂၁၀၀ ကျပ် ထောက်ပံ့ ပေးခဲ့တာဖြစ်ပြီး မရရှိသေးတဲ့ အိမ်ထောင်စုတွေ အတွက်လဲ ထပ်ပြီးကူညီနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မင်းရဲစစ်နိုင်