Home
ဆောင်းပါး
အထက်မှ အောက်၊ အောက်မှ အထက် စီမံခန့်ခွဲမှုပုံစံ နှစ်မျိုးနဲ့ ခေတ်ပြိုင်မြန်မာ့နိုင်ငံရေး
DVB
·
July 14, 2017
အခုဆိုရင် အန်အယ်လ်ဒီပါတီဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူအများစုရဲ့ ဆန္ဒမဲတွေနဲ့ အနိုင်ရခဲ့လို့ အစိုးရဖွဲ့နိုင်ခဲ့ပြီး နိုင်ငံကို အုပ်ချုပ်စီမံနေတာဟာ ၁၅ လဝန်းကျင်ထဲမှာ ရောက်နေပါပြီ။ ကဏ္ဍပေါင်းစုံမှာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျမှုတွေအပြင် နိုင်ငံရေးပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ အပြောင်းအလဲ မလိုက်ပါလိုတဲ့ အင်အားစုတွေ၊ အမှောင်ခေတ်အတွင်းမှာ အသိအမြင် နောက်ကျ ကျန်ရစ်ခဲ့ရရှာတဲ့ ပြည်သူများစွာကို ဖေးမ လက်တွဲခေါ်ရင်း အပြောင်းအလဲကို အကြိတ်အနယ် ဖော်ဆောင်နေရတာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ စာရေးသူရဲ့ မိတ်ဆွေအရင်းအချာတယောက်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်မှာ အစိုးရဌာနဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာတွေမှာ အရင်ကရှိတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်ကျင့်သုံးနေကြတာ၊ ဝန်ထမ်းတွေရဲ့ အကျင့်ပျက် ခြစားမှုတွေကလည်း မပြောင်းလဲနိုင်သေးတဲ့အပေါ် အားမလိုအားမရဖြစ်ပြီးတော့ အန်အယ်လ်ဒီ အရပ်သားအစိုးရအနေနဲ့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရာမှာ အောက်မှအထက် စီမံခန့်ခွဲမှုပုံစံ (Bottom-Up Management Style) ကို သုံးလွန်းနေရင် ပျော့လွန်းပြီး ခရီးမတွင်တာမို့ ပြတ်ပြတ်သားသား အထက်မှအောက် စီမံခန့်ခွဲမှုပုံစံ (Top-Down Management Style) ကို ပိုမိုကျင့်သုံးသင့်တယ်လို့ ရင်ဖွင့်ထားတာ ဖတ်လိုက်ရပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အထက်မှ အောက်၊ အောက်မှ အထက် စီမံခန့်ခွဲမှုပုံစံ ၂ မျိုးအကြောင်းကို စာဖတ်သူတွေ စဉ်းစားနိုင်အောင် ဆွေးနွေး ရေးသားချင်ပါတယ်။ (၁) အထက်မှ အောက် - စီမံခန့်ခွဲမှုပုံစံ (Top-down Management Style) ဒီစီမံခန့်ခွဲမှုပုံစံက အမြင့်ဆုံးတာဝန်ကို ယူထားကြတဲ့ ထိပ်တန်းအုပ်ချုပ်သူတွေက အဖွဲ့အစည်း သို့မဟုတ် နိုင်ငံရဲ့ အရေးကြီးတဲ့ အရေးအရာ ကိစ္စရပ်တွေ၊ ဦးတည်ချက်တွေ၊ စီမံချက်တွေကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ရေးဆွဲပြီးမှ အောက်ခြေကို ချပြ ညွှန်ကြား ဆောင်ရွက်စေတဲ့ အထက်ကနေ အောက်ကို စီးဆင်းတဲ့ အုပ်ချုပ်မှုပုံစံတရပ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီပုံစံနဲ့ ခေါင်းဆောင်မှုကို တဦးကောင်း တယောက်ကောင်း ဦးဆောင်မှု (autocratic leadership) လို့လည်း ခေါ်ကြပါတယ်။ တိုင်းပြည်တပြည်ဟာ စာရိတ္တသီလ၊ ဝါရိတ္တသီလတွေ အနိမ့်ဆုံးထိ ကျေပြုန်းပြီး ပျက်သုဉ်းနိုင်ငံအဆင့် ရောက်နေရာကနေ ပြန်ကုန်းထဖို့ဆိုရင် အရည်အချင်းရှိ ထက်မြက်ပြီး စေတနာမှန်ရှိတဲ့ ခေါင်းဆောင်ကောင်းတယောက် ဦးဆောင်ပြီး အထက်မှ အောက်ကို စီးဆင်းတဲ့ အုပ်ချုပ်မှုပုံစံနဲ့ စီမံခန့်ခွဲတာဟာ အသင့်တော်ဆုံးလို့ Classic Republicanism ဝါဒရဲ့ ဖခင်လို့ ခေါ်ကြတဲ့ မာကီယာဗယ်လီကလည်း ပြောခဲ့ဖူးပါတယ်။ မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးရဲ့ တိုးတက်မှုဖြစ်စဉ်ထဲမှာ အန်အယ်လ်ဒီအစိုးရရဲ့ အသုံးပြုခဲ့တဲ့ အုပ်ချုပ်မှုပုံစံတွေ အနက်က ရလဒ်ကောင်း ဖြစ်ထွန်းခဲ့တဲ့ အထက်မှ အောက် - စီမံခန့်ခွဲမှုပုံစံ (Top-down Management Style) နမူနာတရပ်ကတော့ ပေးထားတဲ့ ဘောင်အတွင်းကနေ နိုင်ငံတော်အတိုင်ပင်ခံရာထူးကို ဖန်တီးမှုနဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်တွေကို ရာထူးအလွဲသုံးစားမလုပ်နိုင်အောင် အထက်က အောက်ကို အမိန့်ပေး ညွှန်ကြားဆောင်ရွက်တဲ့ အုပ်ချုပ်မှုပုံစံပဲ ဖြစ်ပါတယ်။ အထက်မှ အောက် - စီမံခန့်ခွဲမှုပုံစံရဲ့ အားသာချက်တွေကတော့ ရှင်းလင်း ပြတ်သားတဲ့ ညွှန်ကြားချက်၊ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ရာမှာ သွက်လက်မြန်ဆန်စေပြီး ထိရောက်မှုလည်း ပိုရှိပါတယ်။ အောက်ခြေ လူထုကြားမှာလည်း ငြင်းခုံဝေဝါးပြီး အချိန်မကုန်စေတော့ဘဲ လူတိုင်းမှာရှိတဲ့ တာဝန်ဝတ္တရားတွေကို လူတိုင်းက မြန်မြန်ဆန်ဆန် သိနိုင်ကြပြီး ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်ဖို့ပဲ ရှိတော့တာပါပဲ။ အထက်မှ အောက် - စီမံခန့်ခွဲမှုပုံစံရဲ့ အားနည်းချက်တွေကတော့ ဒီလို တဦးကောင်း ဦးဆောင်မှုပေးတဲ့ ထိပ်တန်းခေါင်းဆောင်ကို လူအများအမြင်မှာ အာဏာရှင်လို့ အလွယ်တကူ မြင်တာ၊ အထင်လွဲတာ ခံရတတ်ပါတယ်။ အထူးသဖြင့် အရည်အချင်း နည်းပါးပြီး အားနည်းချက်ရှိတဲ့ တဦးကောင်း ထိပ်တန်းခေါင်းဆောင်ဆိုသူရဲ့ ဆုံးဖြတ်ချက်တွေဟာ အောက်ခြေပြည်သူရဲ့ ဖီဆန်မှု၊ အာခံစိန်ခေါ်မှုနဲ့ ကြုံရတတ်ပါတယ်။ (၂) အောက်မှ အထက် စီမံခန့်ခွဲမှုပုံစံ (Bottom-Up Management Style) ဒီစီမံခန့်ခွဲမှုပုံစံက အဖွဲ့အစည်း သို့မဟုတ် နိုင်ငံရဲ့ အချို့သော အရေးကြီးတဲ့ အရေးအရာ ကိစ္စရပ်တွေ၊ ဦးတည်ချက်တွေ၊ စီမံချက်တွေကို မရေးဆွဲခင် အောက်ခြေလူထုကို ချပြပြီး အားလုံးရဲ့ အကြံအဉာဏ်၊ အတွေ့အကြုံ၊ အမြင်သဘောထားတွေ ယူပြီးမှ ဆုံးဖြတ်ချက်ချ အကောင်အထည်ဖော် စီမံတဲ့ပုံစံ ဖြစ်ပါတယ်။ တချို့အခြေအနေ၊ အချိန်အခါတွေမှာတော့ အထက်မှ အောက် - စီမံခန့်ခွဲမှုပုံစံကို အသုံးပြုလို့ မရနိုင်တာတွေ ရှိပါတယ်။ အထူးသဖြင့် အောက်ခြေလူထုရဲ့ သဘောထား၊ အတွေ့အကြုံ၊ စိတ်ကူးစိတ်သန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လိုအပ်နေတဲ့ အခြေအနေမျိုးမှာတော့ အောက်မှ အထက် စီမံခန့်ခွဲမှုပုံစံ (Bottom-Up Management Style) ကို သုံးကြရပါတယ်။ အောက်မှ အထက် စီမံခန့်ခွဲမှုပုံစံ (Bottom-Up Management Style) ရဲ့ အားသာချက်တွေကတော့ အောက်ခြေပြည်သူ အဆင့်ဆင့်ဟာ နိုင်ငံရဲ့ အရေးအရာ ကိစ္စရပ်တွေမှာ မိမိကျရာအခန်းကနေ ပါဝင်ခွင့်ရှိတာမို့ စုပေါင်းအားကို အသုံးချနိုင်သလို လူတွေမှာလည်း မိမိတန်ဖိုးကို ပိုမိုသိမြင်လာပြီး ကြိုးစားလာကြတာမို့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေ တိုးတက်လာနိုင်ပါတယ်။ ဒီအုပ်ချုပ်မှုပုံစံက အရည်အသွေး ရှိရင်ရှိသလို ထုတ်ဖော်ပြသခွင့်ကို ပေးအပ်ထားတာမို့ ရွက်ပုန်းသီးတွေကို ထွက်ပေါ်စေနိုင်ပါတယ်။ အောက်မှအထက် စီမံခန့်ခွဲမှုပုံစံ (Bottom-Up Management Style) ရဲ့ အားနည်းချက်တွေကတော့ လူတိုင်းကို ပါဝင်ခွင့် ဆုံးဖြတ်ခွင့်တွေ အပ်နှင်းထားတာမို့ စံရည်စံညွှန်းမမီတဲ့ အမြင်တွေ၊ အကြံဉာဏ်တွေ၊ ဆုံးဖြတ်ချက်တွေ ရောထွေး ပါဝင်လာနိုင်တာပါမို့ မလိုအပ်တဲ့အမှားတွေ၊ ပေးဆပ်ရမှုတွေ၊ အချိန်ပြုန်းတီးမှုတွေနဲ့ ကြုံကြရတတ်ပါတယ်။ လူများရင် အကြံပြုချက်တွေ များတတ်တာမို့ ဦးတည်ချက် ရည်းမှန်းချက်တွေ ဝေဝါးတတ်သလို ပါရမီခြင်း၊ လုပ်ကိုင်နိုင်စွမ်း မတူညီတဲ့ အခြေခံလူထုကြားမှာ အထင်လွဲမှားမှုတွေ ဖြစ်လာတတ်ပြီး စည်းလုံးမှု ထိခိုက်တတ်ပါတယ်။ အပေါ်မှာ ရေးပြခဲ့တဲ့ အထက်မှ အောက် - အောက်မှ အထက် စီမံခန့်ခွဲမှုပုံစံ ၂ မျိုးမှာ အားကောင်းချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိတာမို့ ရွေးချယ်အသုံးပြုတာ လွဲခဲ့ရင် ဆိုးကျိုးတွေရတတ်တာ သတိပြုမိဖို့ လိုပါတယ်။ ပရောဂျက်စီမံကိန်းတခုကို စီမံခန့်ခွဲတာ ဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံကို ပြုပြင်ပြောင်းလဲအုပ်ချုပ်တာ ဖြစ်ဖြစ် အခြေအနေ၊ အချိန်အခါ၊ အနေအထား၊ ရင်ဆိုင်ရတဲ့ ပြဿနာအမျိုးအစားပေါ် မူတည်ပြီး ကျင့်သုံးရမယ့် အုပ်ချုပ်မှုပုံစံကို သင့်တော်သလို ရွေးချယ်ရမှာပါ။ ပုံသေကားချပ် မှတ်ယူလို့ မရပါဘူး။ ပရောဂျက်စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ် (Project Management) မှာ ပရောဂျက် တာဝန်ခံအဖွဲ့ ဖွံ့ဖြိုးတိုးတက်လာမှုဖြစ်စဉ်ကို အောက်ပါအတိုင်း အဆင့်လေးဆင့်ခွဲပြီး သက်ဆိုင်ရာအဆင့်တိုင်းနဲ့ သင့်တော်ကိုက်ညီမယ့် ခေါင်းဆောင်မှု၊ အုပ်ချုပ်မှုပုံစံတွေ အကြံပြုထားပါတယ်။ (၁) ဖွဲ့စည်းစအဆင့် (Forming Stage) - ခေါင်းဆောင်မှုပုံစံ = အမိန့်ပေး ညွှန်ကြားခိုင်းစေမှု (၂) အရှိန်ရစ မုန်တိုင်းအဆင့် (Storming stage) - ခေါင်းဆောင်မှုပုံစံ = အနီးကပ် သင်ကြားခိုင်းစေမှု (၃) ပုံမှန်အဆင့် (Norming Stage) - ခေါင်းဆောင်မှုပုံစံ = ထိန်းကျောင်းခိုင်းစေမှု (၄) စွမ်းဆောင်နိုင်ရည်အဆင့် (Performing) - ခေါင်းဆောင်မှုပုံစံ = လုပ်ပိုင်ခွင့် အပ်နှင်းခိုင်းစေမှု တို့ နိုင်ငံအခြေအနေက အသွင်ကူးပြောင်းဆဲကာလဖြစ်လို့ Project Management စကားနဲ့ပြောရရင် Forming Stage နဲ့ Storming Stage ကြားမှာပဲ ရှိသေးတော့ တချို့အပိုင်းတွေမှာ အန်အယ်လ်ဒီအစိုးရက Top-Down management style နဲ့ သွားရတာလည်း ရှိမှာပါ။ နေရာတိုင်းတော့ Top-Down နဲ့ သွားလို့ မရဘူးပေါ့။ အထူးသဖြင့် ထိရှလွယ်တဲ့ နိုင်ငံရေးပြဿနာတွေကို ကိုင်တွယ်ရာမှာ Bottom-Up နဲ့ သွားနေရတာ။ Top-Down ရော Bottom-Up နှစ်မျိုးလုံးကို အခြေအနေအရပ်ရပ် ထည့်သွင်းတွက်ချက်ပြီး ဘက်ပေါင်းစုံက စဉ်းစားရွေးချယ်ရမှာပါ။ ကိုယ်ဖြစ်ချင်တာ တခုတည်းကို အခြေတည် စဉ်းစားရင် အမှန်တရားနဲ့ ကင်းကွာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အန်အယ်လ်ဒီ အစိုးရက အားလုံး လက်ခံသဘောကျမယ့် သားရွှေအိုးထမ်းတာ မြင်ရမယ့် စင်းလုံးချော အုပ်ချုပ်မှုစတိုင်တော့ အကောင်အထည် ဖော်ပေးမှာ မဟုတ်ပါဘူး။ ပြည်သူကို မျက်နာမူတဲ့ နိုင်ငံရေးလုပ်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေဟာ မဲရဖို့၊ လူတွေကြိုက်ဖို့ထက် တိုင်းပြည်အတွက် ရေရှည်အကျိုးစီးပွားအတွက် ဦးတည်အလုပ်လုပ်ကြရတာ ဖြစ်ပါတယ်။ ဒါကိုမှ အမျိုးသားနိုင်ငံရေးစစ်စစ်လုပ်တယ် ခေါ်နိုင်ပါလိမ့်မယ်။ စစ်အာဏာရှင်ဟောင်းတွေ ဝါဒဖြန့်ထားတဲ့ အမျိးဘာသာ သာသနာရေး လုပ်တာသာ အမျိုးသားရေးလို့ လူတွေ ယုံကြည်လာအောင် ပြောဆိုနေတာဟာ ပါးပါးလေးနဲ့ အကြီးအကျယ် လွဲမှားနေတဲ့ အဆိပ်သင့် အတွေးအခေါ်ပါပဲ။ ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ တချို့သော ပြည်သူတွေက မသိနားမလည်တဲ့ ကလေးအရွယ်တွေလိုပဲ  နေမကောင်းလို့ ဆေးခါးတိုက်နေတဲ့ အမေ့ကို ခြေထောက်နဲ့ကန် ဆဲဆိုအော်ဟစ်ကြသလို မိမိဖြစ်စေချင်တာ မဖြစ်ရရင် အစိုးရကို အပုပ်ချ ကဲ့ရဲ့နေကြတာ မဟုတ်လား။ လွန်လွန်ကဲကဲ မဟုတ်ရင်တော့ သူတို့ကို ဗွေယူဒဏ်ပေးလို့လည်း မဖြစ်ဘူးလေ။ သူတို့ကလည်း သူတို့သိတာ၊ လိုချင်တာ ဖြစ်ချင်တာတွေကို သူတို့ အသိဉာဏ်အဆင့်နဲ့ ပြောနေလုပ်နေကြတာ မဟုတ်လား။ မိခင်နဲ့တူတဲ့ အစိုးရတရပ် ဆိုတာတော့ ဘယ်လိုပြည်သူကိုမဆို မေတ္တာမပျက်ပါဘူး။ လုပ်ပေးစရာရှိတာ လုပ်ပေး၊ စောင့်ရှောက်စရာရှိတာ စောင့်ရှောက်ပေးကြရမှာပါပဲ။ ဒါပေမယ့် တော်တော်ဆိုးတဲ့ အန္တရာယ်ရှိအောင် အကြမ်းဖက်လာတဲ့ ကလေးဆိုးတွေကိုတော့ ဒဏ်ပေးသင့်ရင်ပေး၊ ဆုံးမသင့်ရင် ဆုံးမပါလိမ့်မယ်။  ပြည်ထောင်စုတခုလုံး အကျိုးစီးပွားကို ထိခိုက်လာမယ့် ကိစ္စမျိုး.. ဥပမာ လူမျိုးရေး ဘာသာရေး မုန်းတီးမှုတွေ အဆိပ်ခတ်လာပြီဆိုရင် ထိထိရောက်ရောက် အရေးယူ ဆုံးမသင့်တယ်။ စင်ကာပူကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လာတုန်းက CBI လို့ အတိုကောက်ခေါ်တဲ့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးဗဟိုဌာနကို သွားရောက်လေ့လာခဲ့ပြီးတဲ့နောက် စင်ကာပူသတင်းဌာနဖြစ်တဲ့ Channel.News Asia နဲ့ တွေ့ဆုံမေးမြန်းခန်း လုပ်ခဲ့ရာမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်း ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကတော့ လာဘ်ပေးလ်ာယူ အကျင့်ပျက် ခြစားမှု မလုပ်တော့ပါဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါကိုကြည့်လိုက်ရင် နိုင်ငံတော်အတိုင်ပင်ခံဟာ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ အဆင့်လိုက် တဆင့်ချင်း စနစ်တကျ တိုက်ဖျက်သွားမယ်လို့ ခန့်မှန်းရပါတယ်။ ပထမအဆင့် ထိပ်တန်းအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ အန်အယ်လ်ဒီအမတ်တွေ လာဘ်ပေးလာဘ်ယူမှု ကင်းအောင် ဆောင်ရွက်ပြီးသွားပါပြီ။ ဒုတိယအဆင့် ဝန်ကြီးအောက်က အဆင့်တွေ၊ ညွှန်မှူး၊ ညွှန်ချုပ်တွေ၊ အတွင်းဝန်တွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေအလှည့် ရောက်လာပါလိမ့်မယ်။ ပြီးမှ တတိယအဆင့်အနေနဲ့ သာမန်အဆင့် အရာရှိတွေ ဝန်ထမ်းတွေအလှည့် ရောက်လာမှာပါ။ ဒါတွေကို မဆောင်ရွက်ခင်မှာ ကြိုတင်ပြင်ဆင်ရမှာတွေကတော့ မှန်ကန်တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဥပဒေတရပ် လုပ်ထုံးလုပ်နည်း အပြည့်အစုံနဲ့ ပီပီပြင်ပြင်ရှိဖို့ရယ်၊ ပြည်သူ့ဝန်ထမ်းအားလုံးဟာ ခေတ်နဲ့အညီ လုံလောက်ထိုက်တန်တဲ့ လစာရိက္ခာ ရရှိနေဖို့တွေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို နိဂုံးသပ်ရရင် မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်အောက်မှာ စာရိတ္တသီလ၊ ဝါရိတ္တသီလတွေ နှစ်ပေါင်း ၅၀ ကျော် အဖျက်ဆီးခံခဲ့ရလို တပြည်လုံးနီးနီး မိုးခါးရေသောက်ခဲ့ကြရာက စောရနိုင်ငံအဆင့် ရောက်နေရာကနေ ပြန်ကုန်းထဖို့ အန်အယ်လ်ဒီ အစိုးရအနေနဲ့ အထက်မှ အောက် - အောက်မှ အထက် စီမံခန့်ခွဲမှုပုံစံ ၂ မျိုးအပြင် အခြားသောသင့်တော်တဲ့ ခေါင်းဆောင်မှုစတိုင်၊ အုပ်ချုပ်မှုပုံစံတွေကို ရင်ဆိုင်ရတဲ့ ပြဿနာအမျိုးအစား၊ အချိန်အခါ အခြေအနေပေါ် မူတည်ပြီး သင့်တော်တဲ့ပုံစံကို ရွေးချယ် ကျင့်သုံးနေရတာကို နားလည်ပေးဖို့ လိုအပ်ပါတယ်။ ပြည်သူပြည်သားတွေအနေနဲ့လည်း နိုင်ငံသားကောင်းတယောက်ပီပီ မိမိဘက်က ပြင်ဆင်ပေးရမယ့် စိတ်ဓာတ်၊ အတွေးအခေါ်၊ အကျင့်စရိုက်ဆိုးတွေရှိရင် အချိန်မီ ပြင်ဆင်ပေးကြဖို့၊ အစိုးရကို ဝေဖန်ထိန်းကျောင်းရင်း မိမိကိုယ်တိုင်ကိုလည်း ပြုပြင် ထိန်းကျောင်းရင်း လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုဆိုတဲ့ အကုသိုလ် အမိုက်ညွန်တွင်းက လွတ်မြောက်နိုင်အောင် ရုန်းထွက်နိုင်ကြပါစေလို့ ဆန္ဒမွန်ပြုလိုက်ပါတယ်။ မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024