အတင်းအဓမ္မ ပြည့်တန်ဆာလုပ်ခိုင်းသူကို အရေးယူရန် အိုင်အယ်လ်အိုထံ တိုင်ကြား
နော်နိုရင်း
·
February 27, 2012
အသက် ၁၇ နှစ် အရွယ်အမျိုးသမီးငယ်ကို ညှဉ်းပန်းနှိပ်စက်ပြီး အတင်းအဓမ္မ ပြည့်တန်ဆာ လုပ်ခိုင်းသူကို အရေးယူ ဆောင်ရွက်ပေးဖို့ အိုင်အယ်လ်အို ဆက်ဆံရေးရုံးမှာ ကာယကံရှင်ကိုယ်တိုင် သွားရောက် တိုင်တန်းပါတယ်။
အခင်းဖြစ်ပွားပုံကတော့ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့မှာနေတဲ့ အသက် ၁၇ နှစ်အရွယ် ၁၀ တန်းကျောင်းသူကို အဒေါ်တော်စပ်သူက ကျောင်းထားပြီး ကျွေးမွေးပြုစုမယ်ဆိုပြီး ခေါ်ဆောင်သွားတာပါ။
မနှစ်ဇွန်လမှာ လိုက်ပါသွားခဲ့ပြီးနောက် အဒေါ်ကိုယ်တိုင်က ကျောင်းထားမပေးဘဲ အတင်းအဓမ္မ ပြည့်တန်ဆာ လုပ်ခိုင်းတာလို့ ကာယကံရှင်ကိုယ်တိုင်က ပြောပါတယ်။
“ရောင်းစားတယ်ဆိုတဲ့သဘောပေါ့။ ပြည့်တန်ဆာလုပ်ခိုင်းတယ်။ ယောကျာ်းတွေနဲ့ ထည့်ပေးလိုက်တယ်။ လူတယောက်က ခေါ်မယ်ဆိုရင် အဲဒီလူဆီက ပိုက်ဆံကိုယူပြီး သမီးကိုအတင်း ထိုးထည့်ပေးလိုက်တာ။ လုပ်ခလည်း တပြားမှမရဘူး။ အကုန်လုံး သူတို့ ယူတာချည်းပဲ။ မနားရဘူး။ ညတိုင်းဆက်တိုက် ခေါ်ထုတ်သွားတယ်။ ၂ ကြိမ်တိတိ ထွက်ပြေးဖူးတယ်။ နောက်ကနေ လိုက်ဖမ်းသလို ရိုက်လည်း ရိုက်တယ်။ အိမ်ကနေ ထွက်ပြေးလို့ရှိရင် ဓားနဲ့ ထိုးသတ်မယ်လို့ ပြောတယ်။ လည်ပင်းညှစ်တယ်။ ကန်တယ်။ နောက်ဆုံးထွက်ပြေးတော့ သမီးကိုသူတို့ အနှောင့်အယှက်လုပ်တယ်၊ အဲဒီတော့ သူတို့ကို အရေးယူ ဆောင်ရွက်စေချင်တယ်။”
ဒီလို နှိပ်စက်ပြီး အတင်းအဓမ္မ ခိုင်းစေနေရာက လွတ်အောင် ထွက်ပြေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံကို အကူအညီ တောင်းခံခဲ့ပါတယ်။ ဒီနေ့ပဲ အိုင်အယ်လ်အိုရုံးကို တိုင်ကြားပေးတာလို့ အိုင်အယ်လ်အို ဆက်ဆံရေးကွန်ရက်ရဲ့ ဦးသက်ဝေက ပြောပါတယ်။
“၅ လလောက်ကြာအောင် နေခဲ့ရတယ်။ ဒီလို အလုပ်လုပ်ပေးခဲ့ရတယ်။ ပိုက်ဆံလည်း တပြားမှမပေးဘူး။ ရတဲ့ ပိုက်ဆံကို သူတို့ပဲ အကုန်လုံး ခေါင်းပုံဖြတ်တာ။ အမှန်ကတော့ ခေါင်းလုပ်တာပေါ့။ ၅ လလောက်ကြာပြီးတော့ ၂ လပိုင်း ၂၄ရက်နေ့မှာ ထွက်ပြေးလာတာ။ ထွက်ပြေး လွတ်မြောက်လာပြီးတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရုံးကို တိုင်တန်းဖို့အတွက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အကူအညီတောင်းတယ်၊ ဒီနေ့ပဲ တိုင်လိုက်ပြီ။ အိုင်အယ်လ်အိုရုံးကလည်း လက်ခံထားလိုက်တယ်။ အဲဒီမှာ ပြည့်တန်ဆာအဖြစ်နဲ့ လုပ်ကိုင်ခိုင်းနေတဲ့ အချိန်မှာပဲ ကောင်မလေးက ၂ ကြိမ်လောက် ထွက်ပြေးဖူးတယ်။ ပြန်ဖမ်းတယ်၊ ပြန်ဖမ်းပြီးတော့ ရိုက်တယ်၊ ညှဉ်းပန်းနှိပ်စက်တယ်၊ နောက်ပြီးတော့ ပြည့်တန်ဆာလုပ်ငန်း ခွင့်ပြုရန်အတွက် ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့ကနေ သူတို့မှာ လိုင်းကြေးလာကောက်တဲ့အခါတိုင်းမှာ ပိုက်ဆံမပေးပဲနဲ့ ကောင်မလေးကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျော်ပါးဖို့အတွက် ထည့်ပေးလိုက်တယ်။ ပြောင်းသွားပြီဖြစ်တဲ့ စခန်းမှူးအစ အောက်ခြေရဲဝန်ထမ်းတွေ အားလုံး ကောင်မလေးကို အတင်းအဓမ္မ ပျော်ပါးမှုတွေ လုပ်ကြတယ်။ ကလေးက အဖြစ်အပျက်တွေကို အစကနေအဆုံးထိ အကုန်လုံးသိထားတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေလည်းရှိတယ်။ ဒါကြောင့် ကျနော်တို့က အိုင်အယ်လ်အိုရုံးကို တိုင်တန်းပေးခဲ့တယ်။”
အိုင်အယ်လ်အိုကို မတိုင်ကြားခင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ တိုင်ကြားပေမယ့် ကူညီဆောင်ရွက်တာမရှိတဲ့အပြင် ကာယကံရှင် အမျိုးသမီးငယ်နဲ့ သူ့အဖေကိုပါ ခြိမ်းခြောက်တာကြောင့် လုံခြုံရေး စိုးရိမ်ရတယ်လို့ ဦးသက်ဝေက ပြောပါတယ်။
ဒီကိစ္စကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ ဘာကြောင့် မတိုင်ကြားပါသလဲလို့ ဦးသက်ဝေကို မေးမြန်းရာမှာ ခုလို ဆိုပါတယ်။
“အားကိုးလို့ မရဘူး။ ဘာဖြစ်လို့ အားကိုးလို့ မရသလဲဆိုရင် ကျနော်တို့က ခံခဲ့ရပြီးပြီ။ ကျနော်တို့ ကိုယ်တိုင် သွားတိုင်တာကို ရောက်ကတည်းက လူ့အခွင့်အရေး ချိုးဖောက်ခံရတာပဲ။ ဝင်ခွင့်တောင် မပေးဘူး။ ဘယ်လိုလုပ် တိုင်မလဲ။ နိုင်ငံရေးအရ အမြတ်ထုတ်ချင်လို့ လူ့အခွင့်အရေး ကော်မရှင်ဆိုပြီး ဖွင့်ထားတာ။ အားကိုးလို့လည်း မရသလို့၊ ယုံကြည်စရာလည်း အကြောင်း မရှိဘူး။ တင်ထားတဲ့ တချို့ကိစ္စတွေ၊ လယ်သမား ကိစ္စတွေ၊ သူတို့က ပြန်ပြီးတော့ ဒါတွေက အမှု မမြောက်ပါဘူး။ ဒါတွေက ဘယ်လို တရားစွဲလိုက်ပါ။ ဒါလောက်ပဲ အကြံပြုတာ။ သူတို့ ဘာမှ လုပ်လို့ရတာ မဟုတ်ဘူး။ ဘာမှလည်း လုပ်ပိုင်ခွင့်လည်း မရှိဘူး။ လုပ်ပေးချင်တဲ့ စိတ်ဆန္ဒလည်း မရှိဘူးလေ။”