ဘရာဇီးသမ္မတဟောင်း လူလာကို အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ၉ နှစ်ခွဲ ချမှတ်

ဓာတ်ပုံ - ရိုက်တာ
536
သမ္မတသက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘရာဇီးသမ္မတဟောင်း လူလာကို ဇူလိုင် ၁၂ ရက်နေ့မှာ ဘရာဇီးတရားရုံးက အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် ၉ နှစ်ခွဲ အမိန့်ချမှတ်ခဲ့ပါတယ်။
အခုပြစ်ဒဏ်ဟာ သမ္မတဟောင်း လူလာ ရင်ဆိုင်နေရတဲ့ ပြစ်မှု ၅ ခုထဲက ပထမဆုံးပြစ်ဒဏ်လည်း ဖြစ်ပါတယ်။
လူလာအနေနဲ့ အခုပြစ်ဒဏ်အတွက် အယူခံဝင်နေစဉ်ကာလမှာ ဖမ်းဆီးချုပ်နှောင်ခြင်း မခံရသေးပါဘူး။
ဘရာဇီးသမ္မတဟောင်း လူလာဟာ သမ္မတသက်တမ်းတာဝန် ထမ်းဆောင်စဉ်ကာလက အင်ဂျင်နီယာကုမ္ပဏီ OAS SA ကနေ ဘရာဇီး ရီးအာ့ငွေ ၃ ဒဿမ ၇ သန်း လက်ခံခဲ့တယ်လို့ တရားသူကြီး ဆာဂျီယိုမိုရိုက အမိန့်ချမှတ်ခဲ့ပါတယ်။
အဲဒီငွေပမာဏဟာ သမ္မတဟောင်း လူလာရဲ့ ကမ်းခြေက အိမ်ကို ပြန်လည်ပြင်ဆင်ရာမှာ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။
အပြန်အလှန်အနေနဲ့ အဲဒီအင်ဂျင်နီယာကုမ္ပဏီဟာ နိုင်ငံပိုင် ရေနံကုမ္ပဏီနဲ့ ကန်ထရိုက်စာချုပ် ချုပ်ဆိုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကလေးဘဝက ဆင်းဆင်းရဲရဲနေခဲ့ရပြီး အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တဦး အဖြစ်ကနေ သမ္မတဖြစ်လာတဲ့ လူလာဟာ ဘရာဇီးနိုင်ငံမှာ ဆင်းရဲချမ်းသာကွာဟမှု လျော့ကျစေတဲ့ လူမှုရေးမူဝါဒတွေ ချမှတ်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။