A d v e r t i s e m e n t With Us

မက်ဒေါ်နယ်ဝန်ထမ်းများ စားသုံးသူတဦးကို ကန်ကြောက်ရိုက်နှက်သည့်ရုပ်သံ ထွက်ပေါ်

လန်ဒန်အရှေ့ဘက် ကန်းနင်းမြို့ မက်ဒေါ်နယ်ဆိုင်မှာ ဝန်ထမ်းလေးဦးက စားသုံးသူတဦးကို ခြေထောက်တွေနဲ့ ကန်ကြောက်နေတဲ့ ထိတ်လန့်ဖွယ်ရုပ်သံ ထွက်ပေါ်လာပြီး စားသုံးသူ မြေပြင်မှာလဲကျ ငိုခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇူလိုင် ၁၁ ရက်ညမှာ ဖြစ်ခဲ့တဲ့ ဒီရန်ပွဲအတွင်း ဘာမှမကာကွယ် ပြန်မတိုက်ခိုက်တဲ့ အမျိုးသားတဦးကို ကြမ်းပြင်ပေါ် လဲကျတဲ့အထိ ဝန်ထမ်းတွေက ထိုးကြိတ်ခဲ့ကြတာဖြစ်ပြီး နောက်ဆုံး စားသုံးသူက သူ့ရဲ့မျက်နှာကို ဖုံးကာ ငိုရှိုက်နေခဲ့တာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ ဂျင်းဘောင်းဘီပန်းရောင် ဝတ်ဆင်ထားတဲ့ စားသုံးသူက စားပွဲထိုးဝန်ထမ်းဆီ အစားအသောက်တချို့ လွှင့်ပစ်ခဲ့ရာက ဖြစ်ခဲ့တာလို့ မျက်မြင်တဦးရဲ့ အပြောအရ သိရပါတယ်။ ရုပ်သံထဲမှာ အမျိုးသမီးတဦးက ဒီလိုလုပ်တာ ရပ်လိုက်ဖို့ ဝန်ထမ်းတွေကို အော်ဟစ်နေတာ ကြားရပြီး နောက်ထပ် စားသုံးသူတဦးကလည်း ဒီလိုမလုပ်ကြဖို့၊ အေးအေးဆေးဆေးလုပ်ကြဖို့ အော်နေတာကို ကြားရပါတယ်။ ရဲတွေရောက်လာချိန်မှာ အရိုက်ခံရသူ ကြမ်းပြင်ပေါ် လဲကျပြီး မျက်နှာကို လက်နဲ့အုပ် ငိုကြွေးနေတာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ရုပ်သံ ရိုက်ကူးခဲ့သူ အသက် ၂၉ နှစ်အရွယ် ဂျိုးဇက်ပ်ဝဲက “ကျနော် အစားအသောက်မှာပြီး ယူဖို့စောင့်နေချိန်မှာ ဂျင်းဘောင်းဘီ ပန်းရောင်လူနဲ့ မက်ဒေါ်နယ်ဝန်ထမ်း တဦးရဲ့ရန်ပွဲ စတာပဲ” လို့ သည်ဆန်းသတင်းကို ပြောပါတယ်။ “စားပွဲထိုးက ဒီလူကို အပြင်မှာ ရန်ဖြစ်ကြဖို့ ခေါ်ပုံရပါတယ်။ စားပွဲထိုးကို ဒီလူက အစားအသောက်တွေနဲ့ ပစ်လိုက်တယ်။ ကျနော်လည်း ရုပ်သံရိုက်ဖို့ ကင်မရာထုတ်တဲ့အချိန် ဒီရန်ပွဲ စဖြစ်တော့တာပဲ။ အဲ့ဒီနောက် ဝန်ထမ်းလေးဦးက ကောင်တာတွေကနေ ခုန်ထလာပြီး မှန်တံခါးနား ဆွဲခေါ်ပြီးတော့ စထိုးတော့တာပဲ” လို့ ဂျိုးဇက်က ဆက်ပြောပါတယ်။ ဒီနောက် ည ၁၁ နာရီခွဲလောက်မှာ ရဲတွေရောက်လာပြီး ဝန်ထမ်းလေးဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ “ရန်ပွဲပြီးတော့ အသက် ၃၆ နှစ်အရွယ် လူတဦး အသေးစားဒဏ်ရာတွေ ရတယ်။ ရိုက်နှက်ခဲ့တဲ့ ဝန်ထမ်းလေးဦးကိုတော့ ခန္ဓာကိုယ် နာကျင်ထိခိုက်စေမှုနဲ့ ဖမ်းဆီးထားတယ်။ သူတို့ကို လန်ဒန်အရှေ့ဘက် ရဲဌာနကို ခေါ်သွားပြီး စုံစမ်းမေးမြန်းပြီးတော့ လွှတ်ပေးလိုက်တယ်။ စုံစမ်းမှုကိုတော့ ဆက်လုပ်နေပါတယ်” လို့ မက်ထရိုပိုလီတန်ရဲဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မက်ဒေါ်နယ်ဆိုင် တာဝန်ရှိသူကတော့ “ဒီကိစ္စကို အရမ်းအရေးကြီးတဲ့ကိစ္စအနေနဲ့ ကျနော်တို့ သဘောထားပါတယ်။ ၂ ယောက်ကို တာဝန်က ခေတ္တရပ်နားတယ်။ ကျနော်တို့ဆိုင်အတွင်း စုံစမ်းမှုကိုလည်း အရေးပေါ် လုပ်ဆောင်နေတယ်” လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up