Home
ဆောင်းပါး
မတရားအသင်း အက်ဥပဒေနှင့် အလွဲအချော်များ
DVB
·
July 13, 2017
  သတင်းသမားများ အဖမ်းခံကြရ ၂၆-၆-၂၀၁၇ ညနေ ၄ နာရီခန့်၌ နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကုန်းအနီး၊ ခမရ ၅၀၃ တပ်က တပ်မတော်စစ်ဆေးရေးဂိတ်က ဒီဗွီဘီရုပ်သံသတင်းထောက် ဦးအေးနိုင်၊ ကိုပြည့်ဖြိုးအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော် အပါအ၀င် ၆ ဦးနဲ့ သံဃာတော် ၂ ပါးကို တီအန်အယ်လ်အေ (တအာင်း) က ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပွဲတွင် သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက် တစုံတရာ တင်ပြတောင်းခံခြင်းမပြုဘဲ သွားရောက်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပါသည်။ သတင်းထောက်များက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ သတင်းယူခြင်းအပေါ် ၁၉၀၈ ခုနှစ် မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၇(၁) အရ ဖမ်းဆီးချုပ်နှောင် အရေးယူခဲ့ခြင်းအပေါ် ပြည်တွင်းပြည်ပ သတင်းမီဒီယာလောက၌ ပွက်ပွက်ဆူသွားသည်။ သတင်းထောက်များအား ဖမ်းဆီးထားခြင်းမှ အမြန်ဆုံးလွှတ်ပေးရန် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများက ကြေညာချက်များထုတ်၍ တောင်းဆိုကြသည်။ သတင်းထောက်များအား အမြန်ဆုံးလွှတ်ပေးရန် ဆန္ဒပြတောင်းဆိုမှုများလည်း ပြုလုပ်လျက်ရှိသည်။ လူ့အခွင့်အရေးဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကလည်း တောင်းဆိုကြပါသည်။ တရားမဲ့ချုပ်နှောင်ခြင်း အဖွဲ့အစည်းအသီးသီး၏ တောင်းဆိုမှုတွင် သတင်းသမားများအား ဖမ်းဆီးချုပ်နှောင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ မီဒီယာလွတ်လပ်ခွင့်များကို ချိုးဖောက်၍ တရားမဲ့ချုပ်နှောင်သည်ဟု စွပ်စွဲတင်ပြချက်များ ရှိပါသည်။ မြေပြင်အခြေအနေ၊ အမှုတွဲတွင် ပေါ်ပေါက်ချက်များအရ တွေ့ရှိရသည်မှာ ၂၆-၆-၂၀၁၇ နေ့ ညနေ ၁၅း၃၀ နာရီခန့်တွင် နမ့်ဆန်မြို့၏အထွက် ဘုရားကြီးကုန်းအနီးတွင် တပ်မတော် ခမရ ၅၀၃ မှ သတင်းသမားများကို ဖမ်းဆီးခဲ့သည်။ ၂၈-၆-၂၀၁၇ နေ့ ညနေ ၁၅း၀၀ နာရီခန့်တွင် သီပေါမြို့နယ်တရားသူကြီးထံမှ ချုပ်မိန့်ယူ၍ ၁၁-၇-၂၀၁၇ နေ့ထိ ရမန်ကြီးတပတ်၊ ၁၄ ရက် ယူခဲ့ပါသည်။ တပ်မတော်သည် သတင်းသမား ၃ ဦးနှင့် အခြား ၂ ဦးအား ၂၆-၆-၂၀၁၇ ညနေ ၁၅း၃၀ နာရီမှ ၂၈-၆-၂၀၁၇ နေ့ ညနေ ၁၅း၀၀ နာရီအထိ ၄၈ နာရီခန့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံတော်၏ အခြေခံမူများ ပုဒ်မ ၂၁(ခ) တရားရုံး၏ ခွင့်ပြုချက်မရရှိက နိုင်ငံသားတဦးကို ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခွင့် မရှိစေရဟူသော ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ခဲ့သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူတို့က ထောက်ပြကြပါသည်။ ထို့ပြင် ၂၈-၆-၂၀၁၇ နေ့ ချုပ်မိန့်ယူရာတွင် နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကုန်းအနီး၌ ဖမ်းဆီးခဲ့သည်ဟု ဖော်ပြပါသည်။ တီအန်အယ်လ်အေ (တအာင်း) က ပြုလုပ်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျင်းပသော နေရာမှာလည်း နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပါသည်။ သို့ဖြစ်၍ နမ့်ဆန်မြို့နယ် တရားသူကြီးကသာ စီရင်ပိုင်ခွင့်ရှိသော်လည်း သီပေါမြို့နယ်  တရားသူကြီးထံ ချုပ်မိန့်ရယူခဲ့ခြင်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုရှိမရှိ စိစစ်ရန်လိုသည်ဟု တရားလွှတ်တော်ရှေ့နေ တဦးက ထောက်ပြပါသည်။ အမှုစွဲဆိုတင်ပို့ခြင်း ၁၁-၇-၂၀၁၇ နေ့အထိ ချုပ်မိန့်ယူထားသော်လည်း အမှုအား ၇-၇-၂၀၁၇ နေ့ ညနေ ၁၅း၃၀ နာရီခန့်တွင် တရားခံ ၆ ဦးအား မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၇(၁)၊ ၂ ဦးအား လိုင်စင်မဲ့ကား သွင်းကုန်ထုတ်ကုန်ဥပဒေဖြင့် စွဲဆိုခဲ့ပါသည်။ အမှုကို ၂၁-၇-၂၀၁၇ နေ့ ချိန်းဆိုပါသည်။ တရားခံများကို သီပေါမြို့နယ် တရားသူကြီးရှေ့မှောက်တွင် ရုံးထုတ်ပါသည်။ သီပေါမြို့နယ် တရားသူကြီးက နမ့်ဆန်မြို့နယ် တရားသူကြီး၏ကိုယ်စား အမှုလက်ခံ၍ ရုံးချိန်းပေးခဲ့ပါသည်။ အမှုသည် နမ့်ဆန်မြို့နယ် တရားသူကြီး၌ စီရင်ပိုင်ခွင့်အာဏာ ရှိပါသည်။ အမှုလိုက်ပါသော တရားလွှတ်တော်ရှေ့နေက ကိုယ်စားဆောင်ရွက်ခြင်းသည် ဥပဒေနှင့် ညီမညီ မေးခွန်းထုတ်ဖွယ်ဖြစ်သည်ဟု ပြောပါသည်။ ၂၁-၇-၂၀၁၇ အထိ ချုပ်မိန့်ကို သီပေါမြို့နယ် တရားသူကြီးက ထုတ်ပေးခဲ့ခြင်း ဖြစ်နေပါသည်။ နမ့်ဆန်မြို့နယ် တရားရုံးကို တရားခံများပို့ရန် လုံခြုံရေးအရ တရားခံမပို့နိုင်ပါက အမှန်တကယ် စီရင်ပိုင်ခွင့်အာဏာရှိသော နမ့်ဆန်မြို့နယ် တရားသူကြီးက သီပေါမြို့နယ်သို့ လာရောက်၍ ဆောင်ရွက်နိုင်ပါသည်ဟု အမှုလိုက်ရှေ့နေက ပြောပါသည်။ တရားရုံး၏ အမိန့်ဟု ဆိုရာတွင် သက်ဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာရှိသော တရားသူကြီး၌သာ အခွင့်အမိန့် အာဏာရှိသူ ဖြစ်ပါသည်။ ဤအမှုသည် နမ့်ဆန်မြို့နယ် တရားသူကြီး၌သာ စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ သို့ဖြစ်၍ သီပေါမြို့နယ်ရုံး၌ စစ်ဆေးရန် လုံခြုံရေးအရ လိုအပ်ပါက တရားလို တပ်မတော် ခမရ ၅၀၃ မှ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦးက သက်ဆိုင်ရာ ခရိုင်တရားရုံးသို့ ရုံးပြောင်းလျှောက်ထားရပါမည်။ တရားခံများသည် မိမိတို့ အသီးသီးရှေ့နေများအား ကိုယ်စားလှယ်လွှဲစာ ပေးအပ်ပြီးဖြစ်၍ တရားခွင်၌ ပြစ်မှုကြီး အမှုဆောင်ရွက်ချက်များကို အသိပေး အကြောင်းကြားရန် လိုအပ်မည်ဟု ရှေ့နေများက ပြောပါသည်။ သတင်းရယူခြင်းနှင့် ပုဒ်မ ၁၇(၁) ၁၉၀၈ ခုနှစ် မတရားအသင်းများ အက်ဥပဒေသည် တရားမျှတမှုမရှိ၍ ပထမအကြိမ် လွှတ်တော်သက်တမ်းကာလက ပယ်ဖျက်ရန် အဆိုတင်သွင်းမှုများ ရှိခဲ့သည်။ ယခု ဒုတိယအကြိမ် သက်တမ်းကာလ၌လည်း ပယ်ဖျက်ပြင်ဆင်သင့်၊ မသင့် ဥပဒေကြမ်းကော်မတီ၊ ကော်မရှင်များက ပြန်လည်သုံးသပ်နေပါသည်။ ၂၁ ရာစု ပင်လုံညီလာခံကျင်းပ၍ အမျိုးသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းမှုကာလ၌ ညီလာခံကို တက်ရောက်ရန် ဖိတ်ကြား တက်ရောက်ခဲ့သော၊ နိုင်ငံတော်သမ္မတ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခဲ့သော တီအန်အယ်လ်အေ (တအာင်း) လက်နက်ကိုင်အဖွဲ့၏ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပွဲ တက်ရောက်သတင်းယူခဲ့သူများအား တပ်မတော်မှ ဖမ်းဆီး၍ ၁၇(၁) ဖြင့် အရေးယူ၍ ယနေ့တိုင် ချုပ်နှောင်ထားခြင်းသည် မှန်ကန်ပါ၏လော၊ ဖြစ်သင့်ပါ၏လော တပ်မတော်က အလေးအနက် ပြန်လည်သုံးသပ်သင့်ပါသည်။ စာရေးသူသည် ဥပဒေပညာရှင်တဦးဖြစ်၍ ဥပဒေရှုထောင့်မှ တင်ပြရပါမူ မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အရေးယူရန် တီအန်အယ်လ်အေသည် မတရားအသင်း ဟုတ်၊ မဟုတ်၊ နိုင်ငံတော်သမ္မတက ပုဒ်မ ၁၆ အရ မတရားအသင်းအဖြစ် ကြေညာထားခြင်း ရှိ၊ မရှိ စိစစ်ရန်လိုသည်။ မတရားအသင်းဖြစ်သည်ဟု ယူဆစေကာမူ သတင်းသမားများ သတင်းရယူခြင်းသည် ပုဒ်မ ၁၇(၁) အရ ပြဋ္ဌာန်းထားသော (၁) မတရား အသင်းဝင်ဖြစ်ခြင်း၊ (၂) အစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ (၃) ထိုအသင်းအား ငွေကြေးထောက်ပံ့ခြင်း၊ လက်ခံရယူခြင်း၊ တောင်းခံခြင်း (၄) အသင်းအား တနည်းနည်းဖြင့် ကူညီခြင်းရှိရန် လိုပါသည်။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနား သတင်းရယူခြင်းသည် ကူညီခြင်းမဟုတ်ပါ။ သတင်းသမားများသည် တတိယလူ၊ ကြားလူ ဖြစ်ပါသည်။ ပဋိပက္ခမှုများ၏ နှစ်ဘက်သတင်းများကို နိုင်ငံပိုင်သတင်းစာများ၊ ရုပ်သံများ၌လည်း သတင်းရယူ ဖော်ပြနေပါသည်။ ကမ္ဘာ့သတင်းများ၌လည်း ရုပ်သံထုတ်လွှင့်နေကြပါသည်။ သတင်းသမား သတင်းယူခြင်းသည် သတင်းမီဒီယာ လွတ်လပ်ခွင့်အရ ကြားလူတဦး၏ ဆောင်ရွက်ချက် ဖြစ်ပါသည်။ သတင်းထုတ်လွှင့်မှုအပေါ်၌သာ သတင်းမီဒီယာကျင့်ဝတ်နှင့် ညီ မညီ၊ ဥပဒေပြဋ္ဌာန်းချက်တခုခုအပေါ် ဖောက်ဖျက်ခြင်းရှိ၊ မရှိသာ စိစစ်ရန် ရှိပါသည်။ တိုင်ချက်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပွဲတွင် သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်တစုံတရာ တင်ပြတောင်းခံခြင်းမရှိဘဲ သွားရောက် သတင်းယူသည်ဟု ဖော်ပြတိုင်ကြားထားပါသည်။ တပ်မတော်က လုံခြုံရေးမရှိသော နေရာများကို သတင်းယူပါက မည်သည့်အဆင့်ပုဂ္ဂိုလ်၊ မည်သည်သို့ ခွင့်ပြုချက်ရယူရမည်ဟု တရားဝင်အမိန့်၊ ညွှန်ကြားချက် မတွေ့မိပါ။ သို့ရာတွင် သတင်းထောက် ၃ ဦး သွားရောက်ခဲ့သော နေရာသည် လုံခြုံရေး ကန့်သတ်နယ်မြေ မဟုတ်ပါ။ တီအန်အယ်လ်အေ (တအာင်း) ၏ နယ်မြေမဟုတ်ပါ။ ပွဲကျင်းပသော နေရာသည် အဖြူရောင်နေရာဟု ပြောပါသည်။ ယင်းပွဲသို့ အစိုးရဝန်ထမ်းအချို့ တက်ကြပါသည်။ ထို့ပြင် ထိုဒေသသို့ သတင်းယူသွားရာ၌ တပ်မတော်စစ်ဆေးရေးဂိတ်ကို ဖြတ်ရပါသည်။ တပ်မတော်စစ်ဆေးရေးအရာရှိက ‘ခင်ဗျားတို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သတင်းယူဖို့ သွားမှာမို့လား၊ မူးယစ်ဆေးဝါးတိုက်ဖျက်တာ ကောင်းတဲ့အလုပ်’ ဟု ပြောဆိုခဲ့ပါသည်။ သတင်းသမားများကလည်း မိမိတို့၏ သတင်းထောက်ကတ်ပြားများ၊ လိပ်စာကတ်များ ပေးခဲ့ပါသည်။ ထိုစစ်ဆေးရေးဂိတ်က မသွားနဲ့ဟု တားမြစ်ခဲ့ခြင်းမရှိပါ။ ကြည်ကြည်ဖြူဖြူပင် ခွင့်ပြုခဲ့ပါသည်။ တပ်မတော်သည် သတင်းသမားများ၏ သတင်းယူခြင်းကို ဖမ်းဆီး အရေးယူခြင်းအပေါ်၌ ပြန်လည် စဉ်းစားသုံးသပ်သင့်ပါကြောင်း.........။ ရှေ့နေ-မောင်ကံ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024