Home
မြန်မာသတင်း
တရားမ၀င်ရွှေမှော်နှင့်ပယင်းမှော်များကြောင့် တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်ဟုဆို
အောင်ဆန်းဦး
·
July 13, 2017
  ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်နဲ့ ဖားကန့်မြို့နယ်မှာ တရားမဝင်ရွှေမှော်နဲ့ ပယင်းမှော်တွေကြောင့် တပ်မတော်နဲ့ ကေအိုင်အေအကြား တိုက်ပွဲတွေ ဖြစ်နေရတာလို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ တရားမဝင်ရွှေမှော်နဲ့ ပယင်းမှော်တွေ တူးဖော်ဆောင်ရွက်နေမှုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ပေးနိုင်ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း  တနိုင်းမြို့နယ် လွှယ်တော်အမတ် ဦးလင်းလင်းဦးက  ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ အဆိုကိုထောက်ခံဆွေးနွေးခဲ့တဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဦးတင်စိုး က ဖားကန့်နဲ့ တနိုင်းနယ်မြေအတွင်းက တရားမဝင်ရွှေမှော်နဲ့ ပယင်းမှော်တွေကြောင်း မြန်မာ့ တပ်မတော်နဲ့ ကေအိုင်အေ တို့တိုက်ပွဲတွေဖြစ်နေရတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူထောင်ပေါင်းများစွာ ထိခိုက်နေရတဲ့အတွက် အစိုးရ အနေနဲ့ တရားဝင် လုပ်ကွက်တွေ ဖော်ဆောင်ပေးသင့်တယ်လို့ ဆိုပါတယ်။ “တပ်မတော်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေဟာ တနိုင်းဒေသနဲ့ နယ်နမိတ်ချင်းထိဆက်နေတဲ့ ဖားကန့် ဒေသအထိ ကူးဆက်ဖြစ်ပွားလာတာကို တွေ့ရှိရပါတယ်။ သယံဇာတဖြစ်တဲ့ ရွှေမှော်တွေနဲ့ ပယင်းမှော်တွေကြောင့် အခုလို တိုက်ပွဲတွေဖြစ်ပေါ်လာတိုင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းရသလို ပြည်သူလူထုတရပ်လုံး တောင်းတနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှောင့်နှေး၊ တုန့်ဆိုင်းနှေးကွေးခဲ့ရတာကြောင့် တနိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး တင်သွင်းတဲ့ တရားမဝင်ရွှေနဲ့ ပယင်းတူးဖော်နေမှုလုပ်ငန်းတွေကို နောင်ခါမဖြစ်ရေအောင် သယံဇာတ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရတို့က ထိထိရောက်ရောင် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လေးလေးနက်နက် ထောက်ခံတင်ပြပါတယ်။” တိုက်ပွဲတွေကြောင့် မှော်အတွင်းက ပြည်သူတွေ့ရဲ့ ဘဝတွေသာ ထိခိုက်တာမျိုးမဟုတ်ဘဲ နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေရှိလာနိုင်တယ် လို့ အဆိုရှင် ဦးလင်းလင်းဦးက သုံးသပ်ပြောဆိုပါတယ်။ “ဒီလို နိုင်ငံသူနိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ပတ်သက်တဲ့ ကိစ္စရက်တွေ၊ ကျနော်တို့ ဒီပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်စေမယ့်ကိစ္စရပ်တွေနဲ့ နယ်မြေတည်ငြိမ် အေးချမ်းရေး ကို ဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစား လိုက်နာပြီး ပြဌာန်းဥပဒေကို လေးစား လိုက်နာရမှာဖြစ်ပြီး လက်နှက်ကိုင်တပ်တွေ ကျနော်တို့အစိုးရအဖွဲ့ကို တင်ပြပြီးတော့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်သင့်ပါတယ်။” တရားမဝင်ရွှေမှော်နဲ့ ပယင်းမှော်တွေမှာ တူးဖော်မှုတွေနောက် ထပ်ဖြစ်မလာစေဖို့နဲ့ တရားမဝင် ရွှေမှော်တွေနဲ့ ပယင်းမှော်တွေကြောင့်ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေရပ်တန့်သွားစေဖို့ ရည်ရွယ် တင်သွင်းခဲ့တဲ့ အဆိုနဲ့ပတ်သက်ပြီး လက်ခံဆွေးနွေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေက သဘောတူလက်ခံခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024