Home
မေးမြန်းခန်း
ပဲခူး​တိုင်း​အ​နောက်ခြမ်း​ မြို့​နယ်အကုန်လုံး​က ​ကျောင်း​သား​တွေ ပါဝင်​နေပြီ
နေသွင်
·
February 27, 2012
လက်ရှိနိုင်ငံ​ရေး​ အ​ပြောင်း​အလဲမှာ နှစ်​ပေါင်း​များ​စွာ ​မြေ​အောက် အသင်း​အဖွဲ့​အဖြစ် ရပ်တည်ခဲ့​ရတဲ့​ သမိုင်း​ဝင် ဗကသ (ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​ အဖွဲ့​ချုပ်)ကို တရား​ဝင် ရပ်တည်လို့​ ရလာ​အောင် ​ကျောင်း​သား​တချို့​က ကြိုး​ပမ်း​နေကြပါတယ်။ အကျဉ်း​ထောင်က​နေ ပြန်လည် လွတ်​မြောက်လာတဲ့​ မျိုး​ဆက်သစ် ​ကျောင်း​သား​ ​ခေါင်း​ဆောင်​တွေက ဇန်နဝါရီလ အတွင်း​မှာ ဗကသများ​အဖွဲ့​ချုပ် တရား​ဝင်ရပ် တည်နိုင်​ရေး​ ဗဟို​ကော်မတီကို ဖွဲ့​စည်း​ခဲ့​ပြီး​ ​ဒေသအလိုက် ဗကသအဖွဲ့​ခွဲ​တွေလည်း​ ပြန်လည် ​ပေါ်​ပေါက်လာပါတယ်။ မကြာခင်က ဖွဲ့​စည်း​ထား​တဲ့​ ပဲခူး​တိုင်း​အ​နောက်ခြမ်း​ ဗကသ မှာ ဦး​ဆောင်လှုပ်ရှား​နေတဲ့​ ပြည်တက္ကသိုလ်အ​ဝေး​သင်ဌာန မြန်မာစာ ပထမနှစ်​ကျောင်း​သား​ ​မောင်အာကာဘိုက ပဲခူး​တိုင်း​အ​နောက်ခြမ်း​ မြို့​နယ်တိုင်း​မှာ သမဂ္ဂအဖွဲ့​ဝင်​တွေ ရှိ​နေပြီလို့​ ​ပြောပါတယ်။ ပဲခူး​တိုင်း​ အ​နောက်ခြမ်း​က ဘယ်​လောက် ကျယ်ကျယ်ပြန့်​ပြန့်​ ဖွဲ့​ထား​ပြီး​ပြီလဲ။ “ပဲခူး​တိုင်း​ အ​နောက်ခြမ်း​က မြို့​နယ်အကုန်လုံး​က ​ကျောင်း​သား​တွေ ပါဝင်​နေပြီ။ မ​နေ့​ကဆိုရင် ပြည်မှာ ပြည်တက္ကသိုလ်က ​ကျောင်း​သား​တွေနဲ့​ နှီး​နှောဖလှယ်ပွဲလုပ်တယ်၊​ ​လော​လောဆယ်​တော့​ အဲဒါလုပ်ထား​တယ်။” မြို့​နယ်​တွေ အကုန်လုံး​ဖွဲ့​ပြီး​ပြီဆို​တော့​ အဖွဲ့​ဝင်​တွေ ဘယ်​လောက် ရှိတယ်ဆိုတာ ​ပြောလို့​ရမလား​။ “ခန့်​မှန်း​ခြေ​တော့​ မြို့​နယ်​တွေမှာ အ​ယောက် ၇၀ ​လောက်​တော့​ ရ​နေပြီ​ပေါ့​။ ပြည်တက္ကသိုလ် အပါအဝင်ဆိုရင် ၁၀၀ ​ကျော်သွား​ပြီ။ ကျ​နော်တို့​ ပဲခူး​တိုင်း​ အ​နောက်ခြမ်း​မှာ မြို့​နယ် ၁၆ မြို့​နယ် ရှိတယ်။ အဲဒီ ၁၆ မြို့​နယ်စလုံး​က ​ကျောင်း​တွေ အကုန်လုံး​ပါတယ်။” ဘယ်လိုအဆင့်​တွေလဲ။ အထက အဆင့်​တွေလား​၊​ တက္ကသိုလ်အဆင့်​တွေလား​။ “အကုန်လုံး​ပါတယ်။ ဗကသ ဆိုတာ တကသနဲ့​ အကသကို ​ပေါင်း​လိုက်တဲ့​အတွက် ကျ​နော်တို့​ ဗကသ လို့​ခေါ်တာကို။ တက္ကသိုလ်များ​ ​ကျောင်း​သား​သမဂ္ဂလို့​ခေါ်တဲ့​ တကသ ​ပေါ့​။ တက္ကသိုလ်ထဲက ​ကျောင်း​သား​တွေလည်း​ ပါဝင်တယ်။ အကသလို့​ ​ခေါ်တဲ့​ အ​ခြေခံပညာ ​ကျောင်း​သား​တွေလည်း​ ပါတယ်။ ပဲခူး​တိုင်း​ အ​နောက်ခြမ်း​ မြို့​နယ်အသီး​သီး​က​နေ အဲဒီလိုမျိုး​ ပါဝင်​နေကြတယ်။” ​ကျောင်း​သား​ထုထဲမှာ​ကော ဗကသ လိုဟာမျိုး​ကို စိတ်ဝင်စား​မှုရှိလား​။ “လိုအပ်ပါတယ်။ ဘာလို့​လဲဆို​တော့​ ကျ​နော်တို့​ မြန်မာပြည်ရဲ့​ သမိုင်း​ဆိုတာက တကယ်​တော့​ ​ကျောင်း​သား​သမိုင်း​ပဲ။ အမျိုး​သား​ရေး​၊​ လွတ်လပ်​ရေး​နဲ့​ ဒီမိုက​ရေစီ​ရေး​တိုက်ပွဲ​တွေမှာ ​ကျောင်း​သား​တွေ ပါဝင်ခဲ့​တာလည်း​ အား​လုံး​အသိပဲ။ ၈၈ အ​ရေး​အခင်း​မှာလည်း​ ​ကျောင်း​သား​တွေပဲ ပါဝင်ခဲ့​တယ်။ ၂၀၀၇ ​ရွှေဝါ​ရောင်​တော်လှန်​ရေး​မှာ ဆိုရင်လည်း​ ​ကျောင်း​သား​တွေ ပါဝင်ခဲ့​တာပဲ။ ​ကျောင်း​သား​သမဂ္ဂ ဆိုတာ​တော့​ ကျ​နော်တို့​တိုင်း​ပြည်မှာ တကယ်လိုအပ်တယ်။ ဒီမိုက​ရေစီ တိုင်းပြည်တခုမှာ ဒီမိုက​ရေစီ ​ပေး​နေပြီဆိုတဲ့​ အခါမှာ လွတ်လပ်တဲ့​ သမဂ္ဂ​တွေကလည်း​ ရှိရမှာပဲ။ လွတ်လပ်တဲ့​ သမဂ္ဂဆိုတာလည်း​ ကျ​နော်တို့​ ​ကျောင်း​တွေမှာ ​ကျောင်း​သား​သမဂ္ဂ​တွေ ရှိရ​တော့​မယ်။ လယ်သမား​တွေမှာလည်း​ လယ်သမား​သမဂ္ဂ ရှိရမယ်။ အလုပ်သမား​သမဂ္ဂ ရှိရမယ်။ ကျ​နော်တို့​ အဲဒီလို နား​လည်ထား​တယ်။ အဲဒါ​ကြောင့်​ ကျ​နော်တို့​ ကြိုး​စား​တယ်။ သမဂ္ဂ ​ပေါ်​ပေါက်​ရေး​နဲ့​ အဓိက​တော့​ ​ကျောင်း​သား​ထု အခွင့်​အ​ရေး​တွေကို ကာကွယ်မယ်။ ​နောက်တခုက ၁၉၆၂ ခုနှစ် ​ကျောင်း​သား​ညီလာခံက ချမှတ်ထား​တဲ့​ ​ကျောင်း​သား​နဲ့​ပတ်သက်တဲ့​ မူဝါဒရှိတယ်။ အဲဒီမူ ၅ ချက်က အမျိုး​သား​ရေး​၊​ ဒီမိုက​ရေစီအ​ရေး​၊​ ဒီမိုက​ရေစီ ပညာ​ရေး​၊​ ​ကျောင်း​သား​ထု အခွင့်​အ​ရေး​ ကာကွယ်​ရေး​နဲ့​ ငြိမ်း​ချမ်း​ရေး​ဆိုတဲ့​ အဲဒီ မူ ၅ ချက်ကို ဆက်လက်ကိုင်ဆွဲပြီး​ ကျင့်​သုံး​နေတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024