Home
မြန်မာသတင်း
စာပေဟောပြောပွဲများ ပါတီလက်ကိုင်တုတ်မဖြစ်စေရန် လွှတ်တော်တွင်မေးမြန်း
အောင်ဆန်းဦး
·
July 13, 2017
စာပေဟောပြောပွဲတွေနဲ့ ပတ်သက်ပြီး စည်းကမ်းတကျရှိစေဖို့နဲ့ ပါတီတချို့ရဲ့လက်ကိုင်တုတ် မဖြစ်စေဖို့ ဥပဒေတရပ်ရေးဆွဲဖို့ လုပ်ဆောင်သွားမယ်လို့  မင်းကင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကပြောပါတယ်။ ဇူလိုင် ၁၃ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ  စာပေဟောပြောပွဲတွေနဲ့ ပတ်သက်လို့ စည်းကမ်းတကျရှိစေဖို့နဲ့ ပါတီတချို့ရဲ့လက်ကိုင်တုတ်မဖြစ်စေဖို့ ဥပဒေတရပ် ရေးဆွဲဖို့ အစီစဉ်ရှိ/မရှိ မေးမြန်းရာမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဝန်ကြီးဌာနအနေနဲ့ လက်ရှိအချိန်ထိ ဥပဒေရေးဆွဲဖို့မရှိသေးဘူးလို့ လာရောက်ဖြေကြားသွားပါတယ်။ မေးခွန်းရှင်  မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကတော့ ကိုယ်စားလှယ်တစ်ဦးလုပ်ပိုင်ခွင့်အရ ဥပဒေရေးဆွဲဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ပြောပါတယ်။ “ပြည်သူ့ရဲ့ ကိုယ်စားလှယ်တယောက်ဖြစ်နေပြီးတော့မှ ပြည်သူ့ကိုယ်စားလှယ်ဖြစ်ရက်နဲ့ ပြည်သူ တွေကို အသိပညာပေးနေတယ်ဆိုတဲ့ စာရေးဆရာတယောက်ကို တရားစွဲရတာ မကောင်းပါဘူး။ ဒါကြောင့်မို့လို့ တရားမစွဲရလေအောင် ဥပဒေကိုပြဋ္ဌာန်းပေးဖို့ တင်ပြရတာပါ။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေမှာလည်း အခွင့်အရေးရှိပါတယ်။ ဘာလဲဆိုရင် ကျနော်တို့ ကိုယ်တိုင် ဥပဒေရေးဆွဲပြီး တင်ပြလို့ရပါတယ်။ ကျနော်တို့က အဖေထက်သားတလကြီး ဖြစ်မှာ ဆိုးလို့ ပြန်ကြားရေးဝန်ကြီးဌာနက လုပ်မလားဆိုပြီးတော့ မေးရခြင်းဖြစ်ပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနက မလုပ်နိုင်ဘူးဆိုရင်တော့လည်း ကျနော်အနေနဲ့ ဆက်လက်ပြီးတော့မှ ဆောင်ရွက်သွားဖို့ရှိပါကြောင်း တင်ပြအပ်ပါတယ်။” မျက်မှောက်ခေတ် စာပေဟောပြောပွဲတွေမှာ   နိုင်ငံရေးနဲ့ ဘာသာရေး ကိစ္စတွေ ပါထည့်သွင်းဟောပြောမှုတွေရှိလာတာဖြစ်ပြီး ဟောပြောသူတွေကို  တရားစွဲဆို ထောင်ချခဲ့တာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024