Home
မြန်မာသတင်း
တောင်ကုတ်မြို့နယ်တွင် ကျည်ဆန်များ သောင်းချီတွေ့ရှိ
DVB
·
July 13, 2017
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ရွာမကျေးရွာ ရဲစခန်းအပိုင် နယ်မြေ ကင်းတောင်ကျေးရွာရှိ စမ်းချောင်းတခုနီးမှာ ဇူလိုင်လ ၁၂ ရက်နေ့ မနက်ပိုင်းက သောင်းချီတဲ့ သေနတ်ကျည်ဆန်တွေ တွေ့ရှိခဲ့တယ်လို့ ရွာမရဲစခန်းက ပြောပါတယ်။ အဆိုပါ သေနတ်ကျည်ဆန်တွေမှာ ရိုင်ဖယ်ကျည်ဆန် ဖြစ်ပြီး အင်္ဂလိပ်ခေတ် လက်ကျန် ကျည်ဆန်တွေ ဖြစ်နိုင်ကြောင်း၊ ယင်းကျည်ဆန်တွေကို တောင်ကုတ်မြို့နယ်ရှိ မိုင်းရှာဖွေရေးတပ်က လာရောက်သိမ်းယူသွားခဲ့တယ်လို့ ရွာမရဲစခန်းမှ ရဲအုပ်လှရွှေက ပြောပါတယ်။ “အခင်းဖြစ်တဲ့အချိန်မှာ ကျနော် တနေရာကို တာဝန်နဲ့ သွားနေတာ။ ကျည်ဆန်က ရိုင်ဖယ်ကျည်တွေပါ။ ကျည်ဆန်တွေက သံချေးတွေတက်ပြီး ခေါင်းတွေ ကျွတ်နေတယ်။ ခန့်မှန်းရတာက အင်္ဂလိပ်ခေတ်ကပဲလို့ ခန့်မှန်းရတယ်။ ကျည်တွေကို မိုင်းရှာဖွေရေးတပ်က လာသိမ်းသွားပါတယ်။ ကျနော်တို့ မသိမ်းရပါဘူး။” ကျည်ဆန်တွေကို ရွာမရဲစခန်းအပိုင် ကင်းတောင်ကျေးရွာ အ.မ.က စာသင်ကျောင်းရဲ့ ကိုက် ၁၀၀ ခန့်အဝေးမှာရှိတဲ့ စမ်းချောင်းမှာ လယ်သမားတဦးက ခရုကာက်နေချိန်မှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ရဲအုပ်လှရွှေက ဖြည့်စွက်ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဒီလိုကျည်ဆန်အဟောင်းတွေ၊ လက်ပစ်ဗုံး အဟောင်းတွေအပြင် ဒုတိယကမ္ဘာစစ်ကျန် ဗုံးဆန်၊ ဗုံးသီးဟောင်းတွေကိုပါ မကြာခဏဆိုသလို တွေ့ရှိတတ်တယ်လို့ သိရပါတယ်။ သတင်း - DMG
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024